Home
ဆောင်းပါး
မီးမလာတဲ့ ကျူးဘား
DVB
·
October 24, 2024

ညက မန်ယူပွဲကြည့်ရင်း မိနစ် ၃၀ ကျော်ကျော်လောက်မှာ မီးပြတ်သွားတယ်။ မီးပြတ်သွားတယ် ပြောမလား၊ မီးပျက်သွားတယ် ပြောမလား။ ရုတ်တရက် မှောင်အတိကျလို့ ပွဲကြည့်ရတာလည်း ဆန့်တငံ့ငံ့နဲ့။ ပွဲက ကြည့်မကောင်းပါဘူး။ မန်ယူ ရှုံးဦးမှာပဲလို့ ထင်နေတယ်။ ထင်တဲ့အတိုင်း live score ကြည့်တော့ ဘရန့်ဖို့ဒ်က ၄၅ မိနစ်မှာ ဦးဆောင်ဂိုး သွင်းသွားတယ်။ အမှောင်ထဲ ငုတ်တုတ်ထိုင်ရင်း မိနစ် ၂၀ လောက်မှာ ဖျတ်ခနဲ မီးပြန်လာတယ်။ ဂိုးသွင်းခံထားရတဲ့ မန်ယူကောင်တွေ ဘယ်လိုတုံ့ပြန်မလဲ ကြည့်ဖို့ပြင်တုန်းမှာပဲ မီးက ဖြတ်ခနဲ ပြန်ပြတ်သွားပြန်တယ်။ ထူးထူးခြာခြား အဲဒီအချိန်မှာပဲ ရန်ကုန်မှာ မကြုံစဘူး လေပြင်းတွေတိုက်၊ မိုးတွေရွာလာတယ်။ ဒီပုံတိုင်းဆို မီးက ပြန်လာဖို့ မရှိတော့ဘူးဆိုပြီး အိပ်ရာဝင်လိုက်တာ တရေးနိုးလာတော့ live scores မှာ မန်ယူ ၂-၁ ဘရန့်ဖို့ဒ်တဲ့။ ကံကောင်းလို့ နိုင်သွားတာ ဖြစ်မှာပါ။ ဘောလုံးပိုင်ဆိုင်မှုက မန်ယူ ၃၅%၊ ဘရန့်ဖို့ဒ် ၆၅%။ ပြောချင်တာက ကြည့်ချင်တဲ့ ဘောလုံးပွဲလေး အေးဆေးကြည့်ရမလား အောက်မေ့ပါတယ်။ မီးက တပွဲလုံး ဖြတ်ထားတယ်။ ဒီမှာ မီးမလာတာက ရိုးတော့ ရိုးနေပါပြီ။ အကျင့်လည်း ပါနေပါပြီ။ မီးမလာတာ သတင်းမဟုတ်တော့ဘူး။ မနက် သတင်းတွေဖတ်တော့ ကိုယ်တွေထက်ဆိုးတဲ့ ကိုသာဆိုး ကျူးဘားမှာ တနိုင်ငံလုံး မီးမလာတာ ၂ ရက်ဆက်တိုက်တဲ့။ ဖတ်ရတဲ့သတင်းလေး ပြန်ဖောက်သည်ချလိုက်ပါတယ်။

နှစ်ရက်ဆက်တိုက် တနိုင်ငံလုံး မီးပျက်သွားလို့ အမှောင်ထုထဲ နေထိုင်နေကြရတဲ့ ကျူးဘားပြည်သူတွေ…

အမေရိကန်နဲ့ မိုင် ၉၀ သာ ကွာဝေးတဲ့ ကျူးဘားနိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့၊ နေ့လယ်ပိုင်းကစပြီး တနိုင်ငံလုံး လျှပ်စစ်မီးပြတ်တောက်သွားခဲ့တာ စနေနေ့ ညနေပိုင်းအထိ လုံးဝမီးပြန်မလာသေးတဲ့အတွက် ကျူးဘား ပြည်သူတွေဟာ အမှောင်ထုအောက်ထဲမှာ နေထိုင်နေကြရတယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။

စနေနေ့ မနက်ပိုင်းအထိ မြို့တော် ဟားဗားနားမှာ လျှပ်စစ်မီး လုံးဝ ပြန်မလာသေးဘဲ အရေးပေါ်မီးစက် အသုံးပြုတဲ့ ဆေးရုံ၊ ဟိုတယ်နဲ့ နေအိမ်တချို့မှာပဲ မီးအလင်းရောင် အနည်းငယ်ကို မြင်တွေ့ရကြတယ်လို့ ဆိုတယ်။ ကျူးဘားနိုင်ငံမှာ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးပေးနေတာ ကာလ အတော်ကြာနေပြီဖြစ်ပြီး တတ်နိုင်သူအချို့ကသာ လျှပ်စစ်မီးစက် (ဂျင်နရေတာ) ကို အရန်ဆောင်ထားပြီး အသုံးပြုနိုင်ကြတယ်။

သောကြာနေ့ နေ့လယ်ကစပြီး မြို့တော် ဟားဗားနားက စာသင်ကျောင်းတွေ နားထားရပြီး မီးပွိုင့်အားလုံး ရပ်သွားလို့ အများသုံးယာဉ်တွေလည်း အသွားအလာ ရပ်သွားတယ်လို့ ဆိုတယ်။ တနိုင်ငံလုံးကို ဓာတ်အားဖြန့်ဖြူးပေးနေတဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ အန်တိုနီယို ဂွီတာရက်စ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ရုတ်တရက် ရပ်ဆိုင်းသွားရာက ခုလို မီးပျက်သွားရတာလို့ စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတဦးက ဆိုပါတယ်။

အမျိုးသားလျှပ်စစ်ဖြန့်ဖြူးရေးဌာနက သောကြာနေ့ ညပိုင်းမှာ စက်ရုံပြန်လည်နိုင်ဖို့ တစိတ်တပိုင်း မီးပြန်ပေးနိုင်ခဲ့တယ်လို့ ဆိုပေမဲ့ စနေနေ့ မနက် ၆ နာရီမှာ ပင်မဓာတ်အားပေး စနစ်တခုလုံး ပြတ်တောက်သွားခဲ့တယ်လို့ ဆိုတယ်။

“အစစအရာရာ အခက်အခဲတွေချည်းပဲ။ တနေ့လုံး အမှောင်ထဲမှာ ဘာမှ လုပ်လို့မရဘူး။ ဒီနိုင်ငံမှာနေရတာ အစစအရာရာ ဖိအားတွေ များလွန်းလို့ ကြိုးစားပြီး သည်းခံနေရတယ်” လို့ အသက်၂၈ နှစ်အရွယ် ဟားဗားနားမြို့ခံ ယိုင်မာ ဗယ်လာရကစ်ဆိုသူက ပြောပါတယ်။

ကျူးဘားမှာ မီးပျက်တာ မဆန်းတော့ပါဘူး။ ကျမအိမ်မှာ တခါတလေ ရေတောင်မရဘူးလို့ အသက် ၇၂ နှစ်အရွယ် အစ္စဘဲလလား ရိုဒီရီဂွက်ဇ်ဆိုသူ အမျိုးသမီးကလည်း ပြောပါတယ်။

တခါတရံ တနေ့ကို နာရီ ၂၀ အထိ မီးပျက်တတ်ပြီး လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေ ဆိုးရွားနေတဲ့အတွက် ဝန်ကြီးချုပ် မန်နူရယ် မာရေယိုက “အရေးပေါ်စွမ်းအင်အခြေအနေ” ကို ကြေညာထားရတယ်။

တနင်္လာနေ့အထိ ကျောင်းတွေပိတ်ထားပြီး ဆေးရုံနဲ့ အခြား မရှိမဖြစ် အရေးကြီးနေရာတွေကိုတော့ ဓာတ်အားပေးစက်နဲ့ ဆက်ဖွင့်ထားပေးမယ်လို့ အာဏာပိုင်တွေက ဆိုတယ်။

“တကယ့်ကို ဆိုးဆိုးရွားရွားပါပဲ။ ဒါက ဒီနိုင်ငံမှာ လျှပ်စစ်ဓာတ်အားပေးစနစ် ဘယ်လောက်ထိ ယိုယွင်းနေပြီဆိုတာ ပြနေတယ်။ အရန်ဓာတ်အားပေးစနစ်လည်း မရှိ၊ ရေရှည်အတွက်လည်း ဘာမှမရှိဘူး” လို့ အသက် ၈၀ အရွယ် ဟားဗားနားမြို့က အငြိမ်းစားတဦးက ပြောပါတယ်။

ကျူးဘားမှာ ခုလို ဆိုးဆိုးရွားရွား လျှပ်စစ်မီးတွေ ပြတ်တောက်နေတာ ၃ လလောက် ရှိပြီလို့ ဆိုတယ်။ သမ္မတ မီဂွယ် ဒိုင်ယက်စ် ကနယ်လ် ကတော့ အစိုးရအနေနဲ့ မီးပြန်ရအောင် အစွမ်းကုန် ကြိုးစားနေတယ်လို့ ဆိုတယ်။ ခုလိုဖြစ်ရတာဟာ အမေရိကန်ရဲ့ နှစ်ပေါင်း ၆၀ စီးပွားရေးပိတ်ဆို့ထားမှုကြောင့် ဖြစ်ပြီး ဒေါ်နယ်ထရန့်လက်ထက်မှာ လောင်စာဆီ မရောင်းဖို့ ပိုတင်းကျပ်ခဲ့တာကြောင့်လို့ ဆိုတယ်။

ကျူးဘားဟာ အရင်က အားထားခဲ့ရတဲ့ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးချိန်ကစလို့ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး အခြေခံစားကုန်၊ ဆေးဝါး၊ လောင်စာဆီနဲ့ ရေအထိ ရှားပါးပြတ်လပ်နေကာ ကုန်ဈေးနှုန်းတွေကလည်း အဆမတန် မိုးထိုးနေတယ်လို့ ဆိုတယ်။

တိုင်းပြည်မှာ အခြေအနေမကောင်းတဲ့အတွက် ကျူးဘားပြည်သူတွေဟာ ပြည်ပကို ပြောင်းရွှေ့နေထိုင်မှု များလာပြီး ၂၀၂၂ ဩဂုတ်ကနေ ၂၀၂၄ ဇန်နဝါရီအထိ စာရင်းအရ အမေရိကန် တနိုင်ငံတည်းကို ၇၀၀,၀၀၀ ပြောင်းရွှေ့သွားတယ်လို့ ဆိုတယ်။

အာဏာပိုင်တွေက ခုလို တိုင်းပြည်အခြေအနေဆိုးရတာ အမေရိကန်က စီးပွားရေးပိတ်ဆို့လို့ ဆိုပေမဲ့ ကျူးဘားစီးပွားရေးက ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ကမ္ဘာလှည့်ခရီးသွား ကျဆင်းမှုနဲ့အတူ အစိုးရရဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုကြောင့်လည်း ဖြစ်တယ်လို့ ဆိုတယ်။

ခုလို လျှပ်စစ်မီးပြတ်တောက်မှုကို ဖြေရှင်းဖို့ ကျူးဘားအစိုးရဟာ တူရကီကုမ္ပဏီတခုက ရေပေါ် ဓာတ်အားပေးစက်ရုံ ၇ ခုကို ငှားရမ်းအသုံးပြုခဲ့တယ်။

၂၀၂၁ ခုနှစ်တုန်းက ခုလိုပဲ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားလာတဲ့အတွက် ကျူးဘားပြည်သူတွေ ဒေါသပေါက်ကွဲပြီး လမ်းမပေါ်ထွက် ဆန္ဒပြခဲ့လို့ လူတယောက်သေပြီး လူအမြောက်အမြား ဒဏ်ရာရကာ လူပေါင်း ၅၀၀ လောက် ထိန်းသိမ်းခံခဲ့ရတယ်လို့ မက္ကဆီကိုအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုက ဆိုတယ်။

၂၀၂၂ ခုနှစ်တုန်းကလည်း အိုင်ယန် ဟာရီကိန်းမုန်တိုင်းကြောင့် ကျူးဘားမှာ လနဲ့ချီပြီး မီးပျက်ခဲ့တယ်။ ခုချိန်ထိ အလှည့်ကျ မီးပေးစနစ်နဲ့ တနေ့ကို နာရီအနည်းငယ်သာ လျှပ်စစ်မီးရနေခဲ့ရာက ပြီးခဲ့တဲ့ (သောကြာ၊ စနေ) နှစ်ရက်စလုံး တနိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်သွားခဲ့တာပဲ ဖြစ်တယ်။

ကျူးဘားဟာ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါကမ်းခြေကနေ မိုင် ၉၀ သာသာ ဝေးပြီး ကွန်မြူနစ်စနစ် ကျင့်သုံးနေဆဲ လက်တင်အမေရိကနိုင်ငံတနိုင်ငံ ဖြစ်တယ်။ စီးပွားရေးလုပ်ငန်း အားလုံးကို အစိုးရက ထိန်းချုပ်ထားပြီး ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင်တုန်းကတော့ ဆိုဗီယက်ရဲ့ အထောက်အပံ့ခံ ဖြစ်ခဲ့ပေမဲ့ ခုချိန်မှာတော့ ပြည်ပအကူအညီ မရတော့ဘဲ လက်တင်အမေရိကရဲ့ အဆင်းရဲဆုံးနိုင်ငံတခုအဖြစ်နဲ့ ရပ်တည်နေတာပါ။

CWM

Ref: Blackout drags on for second day in Cuba. CNA/AFP

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013