Home
ဆောင်းပါး
ကမ္ဘာကြီးက လက်ပိုက်ကြည့်နေသော စစ်ပွဲများ
DVB
·
October 2, 2024

(၁)

လက်ဘနွန်တောင်ပိုင်းကို အစ္စရေးမြေပြင်တပ်တွေ ဝင်​သွားပါပြီ။ နှစ်ပတ်လောက် လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက် အောက်တိုဘာ ၁ ရက်နေ့မှာ မြေပြင်ထိုးစစ် စတင်ပြီလို့ အစ္စရေးကာကွယ်ရေးတပ်က ကြေညာလိုက်တာပါ။ limited, localized and targeted လို့ ဆိုထားတဲ့အတွက် ထိုးစစ်က အကန့်အသတ် ထိုးစစ်ပါ။ လိုချင်တဲ့ ရည်မှန်းချက်ရောက်ရင် အဆုံးသတ်မယ့်သဘောပါ။

လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာပြောက်ကျားတွေ အသုံးပြုတဲ့ pager နဲ့ ဆက်သွယ်ရေး ရေဒီယိုတွေ တပြိုင်နက်တည်း ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုနဲ့ ဒဏ်ရာရမှု အများအပြား ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်ပတ်က စပြီး လက်ဘနွန်တောင်ပိုင်း အစ္စရေးနယ်စပ်အနီးက ဟစ်ဇ်ဘိုလာ ခြေကုပ်စခန်းတွေကို အစ္စရေးက လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက် (သောကြာနေ့)၊ ဘေရွတ်မြို့တောင်ဘက်က ဟစ်ဇ်ဘိုလာဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာတော့ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန်နာစရဲလား အပါအဝင် ထိပ်တန်းဗိုလ်ချုပ် ၁၄ ဦး သေဆုံးသွားခဲ့တယ်။

အစ္စရေးမြောက်ပိုင်းနဲ့ ကပ်နေတဲ့ လက်ဘနွန်ဘက်ခြမ်းမှာ နေထိုင်သူတွေကို နေရာပြောင်းရွှေ့ဖို့ သတိပေးပြီးတဲ့နောက် ဒုံးကျည်တွေ၊ တိုက်လေယာဉ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးသူငယ်တွေ အပါအဝင် အရပ်သား ၁၀၀၀ နီးပါး နှစ်ပတ်အတွင်း သေဆုံးခဲ့ပြီး လူပေါင်း ၆၀၀၀ ကျော် ဒဏ်ရာရရှိကာ ၁ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်။

အစ္စရေးလက်ချက်နဲ့ ဟစ်ဇ်ဘိုလာခေါင်းဆောင် နာစရဲလား သေဆုံးသွားခဲ့ရတဲ့အတွက် အီရန်နဲ့ အီရန်က ထောက်ခံအားပေးနေတဲ့ ဟစ်ဇ်ဘိုလာပြောက်ကျားတွေ အကြီးအကျယ် ဒေါသထွက်ခဲ့ပြီး မဖြစ်မနေ လက်တုံ့ပြန်သွားမယ်လို့ ပြောကြားလိုက်တယ်။

ခုဆိုရင် ၂၀၂၃၊ အောက်တိုဘာ ၇ ရက်က စတင်ခဲ့တဲ့ ဂါဇာစစ်ပွဲဟာ ဂါဇာကနေ လက်ဘနွန်တောင်ပိုင်းကို ရောက်ရှိသွားပြီဖြစ်တယ်။  ဂါဇာစစ်ပွဲ တစ်နှစ်ပြည့်ချိန်မှာ အစ္စရေးဟာ စစ်မျက်နှာကို ဂါဇာကနေ လက်ဘနွန်တောင်ပိုင်းဘက် ရွှေ့လိုက်ပြီလို့ ဆိုရမယ်။

တကယ်တော့ ဂါဇာစစ်ပွဲစတင်ချိန်ကတည်းက လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာပြောက်ကျားတွေဟာ အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ လှမ်းလှမ်းပြီး ပစ်ခတ်တိုက်ခိုက်နေခဲ့တာပါ။ ဟားမတ်စ်နဲ့ ဟစ်ဇ်ဘိုလာတို့ဟာ အစ္စရေးကို ဆန့်ကျင်တော်လှန်နေကြတဲ့ ပါလက်စတိုင်းလက်နက်ကိုင်အုပ်စုတွေပါ။

၂၀၂၃၊ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တွေက အစ္စရေးနယ်မြေထဲ ဝင်ရောက်ပြီး ဂီတဖျော်ဖြေပွဲတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာက လူပေါင်း ၁၃၀၀ ကျော် သေဆုံးပြီး ၂၅၀ ကို ဓားစာခံအဖြစ် ဟားမတ်စ်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတယ်။ လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဟာ ဟားမတ်စ်တွေရဲ့ ဂါဇာစီးတီး အပါအဝင် ဂါဇာဒေသတခုလုံးကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဂါဇာနယ်မြေထဲ ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဂါဇာစစ်ပွဲဟာ ၂၀၂၄ ဩဂုတ်လအထိ လူပေါင်း ၄၃,၀၀၀ သေဆုံးခဲ့ရပြီး ပါလက်စတိုင်း ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်။ သေဆုံးသူတွေထဲမှာ ကလေးသူငယ် ၁၃၀၀ ကျော်ပါဝင်တယ်။ ဂါဇာစီးတီးတခုလုံး အစ္စရေးတွေရဲ့ ဗုံးဒဏ်ကြောင့် ပြိုပျက်ခဲ့ရပြီး ကွန်ကရစ်ပုံအဖြစ် ရောက်ရှိသွားခဲ့တယ်။

(၂)

ဟစ်ဇ်ဘိုလာခေါင်းဆောင် နာစရဲလား ဗုံးကြဲတိုက်ခိုက်ခံရတဲ့ စက်တင်ဘာ ၂၈ ရက်မှာပဲ  ကုလသမဂ္ဂအထွေထွေညီလာခံမှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု မိန့်ခွန်းပြောပါတယ်။ နေတန်ယာဟု မိန့်ခွန်းပြောဖို့ ခန်းမထဲ ဝင်လာချိန်မှာပဲ ညီလာခံခန်းမထဲက ကုလကိုယ်စားလှယ်တွေ အားလုံးနီးပါး သူ့ကို ဆန့်ကျင်တဲ့အနေနဲ့ ခန်းမအပြင်ဘက် ထွက်သွားခဲ့ကြတယ်။ ခန်းမဆောင်ထဲမှာ အစ္စရေးကိုယ်စားလှယ်တချို့နဲ့ လက်ခုပ်တီးဖို့ ခေါ်ထားတဲ့ ဧည့်သည်တချို့ပဲ ကျန်ခဲ့တယ်။ ထိုင်ခုံလွတ်တွေ အများကြီးရှေ့မှာ မိန့်ခွန်းပြောတဲ့ နေတန်ယာဟုက အစ္စရေးအနေနဲ့ အပစ်အခတ်ရပ်စဲဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားတဲ့အပြင် ဟစ်ဇ်ဘိုလာကို ထောက်ခံအားပေးနေတဲ့ အီရန်ကိုလည်း စိန်ခေါ်သွားခဲ့တယ်။ အီရန်က တိုက်ခိုက်လာခဲ့ရင် အစ္စရေးက ပြန်လည်တိုက်ခိုက်မှာဖြစ်ပြီး အရှေ့အလယ်ပိုင်း ဘယ်နေရာ၊ ဘယ်ဒေသမဆို အစ္စရေး လက်လှမ်းမမီတဲ့နေရာ မရှိဘူးလို့ ပြောကြားခဲ့တဲ့အပြင် ဟစ်ဇ်ဘိုလာတွေကို ခေါင်းထောင်မလာနိုင်တဲ့အထိ နှိမ်နင်းသွားမယ်လို့ ပြောကြားလိုက်တယ်။

အစောပိုင်းက ညီလာခံအစည်းအဝေးမှာ အစ္စရေးရဲ့ ဂါဇာနဲ့ လက်ဘနွန်တောင်ပိုင်း ကျူးကျော်မှုတွေနဲ့ပတ်သက်ပြီး မလေးရှား၊ အင်ဒိုနီးရှား အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများက ဝေဖန်ပြစ်တင် ရှုတ်ချခဲ့ပြီး ဂါဇာနဲ့ လက်ဘနွန်တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲ အမြန်ဆုံးရပ်ဆိုင်းဖို့ တိုက်တွန်းခဲ့ကြတယ်။ ဒါပေမဲ့ ညီလာခံတက်ရောက်လာတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဒီအဆိုပြုချက်တွေကို ဂရုမစိုက်ဘဲ ခပ်မာမာ တုံ့ပြန်ခဲ့တာ ဖြစ်တယ်။

ကုလသမဂ္ဂညီလာခံကြီးဟာ ကမ္ဘာ့ဇာတ်ခုံတစ်ခုလို ဖြစ်နေပြီး ဘယ်သူ့ ဘယ်သူကိုမှ ဂရုမစိုက်ဘဲ ထင်ရာစိုင်းနေကြသလို ဖြစ်နေတယ်။ အမေရိကန်နဲ့ ဥရောပက ယူကရိန်းခေါင်းဆောင် ဇီလန်းစကီးအတွက် အကူအညီနဲ့ လက်နက်ထောက်ပံ့မှု ဆက်လုပ်မယ်လို့ ပြောကြားချိန်မှာပဲ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က နျူးကလီးယားလက်နက်နိုင်ငံတွေရဲ့ ကူညီထောက်ပံ့မှုနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ သတိပေးစကားပြောခဲ့တယ်။ ရုရှားသမ္မတ ပူတင်က ယူကရိန်းစစ်ပွဲမှာ နျူးကလီးယားလက်နက်ကို လိုအပ်ရင် အသုံးပြုမယ်လို့ ပြောခဲ့ဖူးတယ်။

အစ္စရေးဟာ အ​မေရိကန်နဲ့ ပြင်သစ်က အဆိုပြုထားတဲ့ ၂၁ ရက် အပစ်အခတ်ရပ်စဲရေးကိုလည်း လက်မခံတဲ့အပြင် ဟစ်ဇ်ဘိုလာတွေ ခေါင်းထောင်မလာနိုင်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ ဆိုတယ်။

အစ္စရေးဟာ ဇူလိုင်လကုန်ပိုင်းက တီဟီရန်မှာ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယေးကို လုပ်ကြံသတ်ဖြတ်ခဲ့သလို ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ဟစ်ဇ်ဘိုလာခေါင်းဆောင် နာစရဲလားကို ဗုံးကြဲသတ်ဖြတ်ပစ်ခဲ့တယ်။ အီရန်က အစ္စရေးကို လက်တုံ့ပြန်သွားမယ်လို့ ပြောနေပေမဲ့ ခုချိန်ထိ လက်တုံ့ပြန်တာမျိုး မလုပ်သေးဘဲ ငြိမ်နေတာတွေ့ရတယ်။ အီရန်ကသာ ချက်ချင်းလက်တုံ့ပြန်ခဲ့ရင် နေတန်ယာဟုအတွက် အကြောင်းပြစရာ ရသွားမှာဖြစ်သလို စစ်ပွဲထဲ အမေရိကန်ပါ ဝင်ရောက်ပြီး ပိုကျယ်ပြန့်သွားနိုင်တယ်။

ကုလသမဂ္ဂ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဝေဖန်ပြစ်တင် ရှုတ်ချသူက ရှုတ်ချ၊ စိုးရိမ်မကင်းဖြစ်သူက ဖြစ်ကြ၊ အပစ်အခတ်ရပ်စဲဖို့ တဖက်ကဆော်ဩ၊ တဖက်က လက်နက်ထောက်ပံ့၊ အုပ်စုချင်း အင်အားချင်း ပြိုင်ဆိုင်နေကြချိန် မြေပြင်မှာတော့ စစ်ပွဲတွေကြောင့်၊ ဗုံးကြဲတိုက်ခိုက်၊ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အပြစ်မဲ့အရပ်သားတွေ၊ ကလေးသူငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ အသက်ဆုံးရှုံး၊ မြို့ရွာအိုးအိမ်တွေ ပျက်စီး၊ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာ ပါလက်စတိုင်း၊ ယူကရိန်းမှာသာ မကပါဘူး။ ကမ္ဘာကြီးရဲ့ အမေ့လျော့ခံ နေရာအနှံ့မှာပါ။

ကုလကမ္ဘာ့ဇာတ်ခုံကတော့ ပုံမှန်တင်ဆက်နေကျ ဇာတ်ညွှန်းတွေ၊ ထိရောက်မှုမရှိတဲ့ စကားလုံးတွေ၊ သရုပ်ဆောင်မှုတွေနဲ့ ဆက်လက်ကပြအသုံးတော်ခံနေဆဲပါ။

CWM 

Ref: Israel says it’s targeting Hezbollah strongholds in Lebanon ground raids. CNA, and other related news.

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013