စက်တင်ဘာ ၂၅ ရက်နေ့က ၄၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်က ပစိဖိတ်သမုဒ္ဒရာမှာ တိုက်ချင်းပစ်ဒုံးပျံ (ICBM) စမ်းသပ်ပစ်ခတ်မှုတခု ပြုလုပ်လိုက်ပါတယ်။ နှစ်ပေါင်းအတန်ကြာ ခုလို တာဝေးပစ် ဒုံးပျံစမ်းသပ်ပစ်ခတ်မှု မပြုလုပ်ဘဲ နေလာခဲ့ရာက ရုတ်တရက် ခုလို စမ်းသပ်ပစ်ခတ်လိုက်တဲ့ အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရတယ်။
ဘာ့ကြောင့် တရုတ်က ဒုံးပျံစမ်းသပ်ခဲ့တာလဲ။ ပြီးတော့ ဘာ့ကြောင့် အရင်က မလုပ်ဖူးတဲ့ ပစိဖိတ် သမုဒ္ဒရာထဲမှာ စမ်းသပ်ခဲ့တာလဲ။ တရုတ်ဟာ ၁၉၈၀ ပြည့်နှစ်က သူ့ရဲ့ တိုက်ချင်းပစ် ဒုံးပျံစမ်းသပ်မှုကို မွန်ဂိုလီယားအတွင်းပိုင်း ကုန်းတွင်းမှာသာ ပြုလုပ်ခဲ့တယ်။
အကဲခတ်လေ့လာသူတွေကတော့ တရုတ်ရဲ့ ဒုံးပျံစမ်းသပ်မှုဟာ တဖြည်းဖြည်းနဲ့ အင်အားပြိုင်ဆိုင်မှု ကြီးထွားလာနေတဲ့ အမေရိကန်ကိုရော ကမ္ဘာကြီးကိုပါ တရုတ်က လက်မောင်းကြွက်သား ညှစ်ပြလိုက်တာပဲလို့ ဆိုတယ်။ ဒီနေ့ ကမ္ဘာ့အခင်းအကျင်းအရ တရုတ်နဲ့ အမေရိကန်ဟာ အင်အားပြိုင်ဘက်တွေဖြစ်လာနေပြီး ကမ္ဘာကြီးကို စစ်ရေး၊နိုင်ငံရေးအရ ဩဇာလွှမ်းမိုးဖို့ အပြိုင်ကြိုးစားနေကြချိန် ဖြစ်တယ်။
အမေရိကန်က တရုတ်အင်အားကြီးထွားလာမှာကို မလိုလားသလို တရုတ်ကလည်း အမေရိကန်တစ်ဦးတည်း ဗိုလ်ကျလွှမ်းမိုးနေတဲ့ ကမ္ဘာကြီးကို မမြင်မတွေ့လိုဘူး။
ကမ္ဘာကြီးကို ဩဇာလွှမ်းမိုးဖို့ ကြိုးစားကြရာမှာတော့ နှစ်နိုင်ငံက မဟာဗျူဟာ မတူကြဘူး။ အမေရိကန်ရဲ့ အားသာချက်က “ စစ်အင်အား” ဖြစ်ပြီး တရုတ်ရဲ့အားသာချက်က “ စီးပွါးရေးအင်အား”ဖြစ်တယ်။
အမေရိကန်ဟာ ဥရောပ၊ အာရှနဲ့ အမေရိက ကမ္ဘာ့နိုင်ငံပေါင်း ၅၆ နိုင်ငံနဲ့ စစ်ရေးပူးပေါင်းမှု စာချုပ်တွေ ချုပ်ဆိုထားပြီး သူ့ရဲ့မဟာမိတ်နိုင်ငံတွေကို လုံခြုံရေးအာမခံချက်ပေးထားတယ်။ စစ်ရေးသဘောတူစာချုပ် ရှိမထားတဲ့ အစ္စရေးနဲ့ ယူကရိန်းကိုလည်း လက်နက်တွေ ထောက်ပံ့နေတယ်။
တရုတ်ကျတော့ မြောက်ကိုးရီးယား တစ်နိုင်ငံတည်းနဲ့သာ စစ်ရေးစာချုပ် ရှိထားပြီး အိမ်နီးချင်းနိုင်ငံအများအပြားနဲ့လည်း နယ်မြေပိုင်ဆိုင်မှုပြဿနာတွေ ရှိနေတယ်။ ဒီပြဿနာတွေကြောင့်ပဲ အဲဒီနိုင်ငံတွေက အမေရိကန်ဘက်ကို မျက်နှာမူထားကြတယ်။
စီးပွါးရေးဘက်ကြည့်မယ်ဆိုရင်တော့ တရုတ်က အားသာချက်တွေရှိနေတယ်။ ဩစတြေးလျ၊ လိုဝီအင်စတီကျုရဲ့ တွက်ချက်မှုအရ ဒီနေ့တရုတ်ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၈ နိုင်ငံနဲ့ ကုန်သွယ်မှုရှိနေပြီး အမေရိကန်ထက် ကုန်သွယ်နိုင်မှု ပိုများတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း တရုတ်ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၀ ရဲ့ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁-ထရီလျံ (ဘီလျံ-၁၀၀၀)ကျော် သုံးစွဲခဲ့ပြီး ကမ္ဘာ့အကြီးဆုံး မြီရှင်နိုင်ငံအဖြစ် ရပ်တည်ခဲ့တယ်။ ကမ္ဘာမှာ ကုန်သွယ်မှုအများဆုံး နဲ့ ငွေအများဆုံးချေးတဲ့ နိုင်ငံဖြစ်ခဲ့တယ်။
အနောက်အုပ်စုကတော့ တရုတ်ရဲ့ BRI စီမံကိန်းဟာ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဇင်ဘာဘွေတို့လို နိုင်ငံငယ်တွေအပေါ် အကြွေးဝန်ထုပ် ပိစေပြီး အကြွေးထောင်ချောက်ဖြစ်စေတယ်လို့ ဝေဖန်ကြတယ်။
ဘာပဲဖြစ်ဖြစ် စီးပွါးရေးအလျင်အမြန်တိုးတက်ချင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်တော့ တရုတ်ရဲ့ ချေးငွေတွေဟာ မက်မောစရာဖြစ်နေတုန်းပါ။
စီးပွါးရေးအရ မယှဉ်သာတဲ့ အမေရိကန်ဟာ အင်ဒိုပစိဖိတ်ဒေသမှာ ကြီးထွားလာနေတဲ့ တရုတ်ရဲ့ ဩဇာအာဏာကို ထိန်းချုပ်ဖို့ ဒေသတွင်းလုံခြုံရေးအစီအမံတွေဘက် တွန်းအားပေး လုပ်ဆောင်လာတာ တွေ့ရတယ်။
သမ္မတ ဘိုင်ဒင်လက်ထက်မှာ အမေရိကန်-ဂျပန် စစ်ရေးစာချုပ်ကို အဆင့်မြှင့်တင်ခဲ့သလို ဗြိတိန်၊ ဩစတြေးလျ တို့နဲ့ပူးပေါင်းပြီး AUKUS အောကပ်စ်အဖွဲ့ကို ထူထောင်ခဲ့ပြီး ဖိလစ်ပိုင်၊ အိန္ဒိယတို့နဲ့ စစ်ရေးပူးပေါင်းမှု လုပ်ဆောင်ခဲ့တယ်။ မဟာမိတ် ဟောင်းတွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုးရီးယားတို့နဲ့ လည်း စစ်ရေးဆက်ဆံမှု တိုးမြှင့်ခဲ့တယ်။
ဒါပေမဲ့ ဘိုင်ဒင်ရဲ့ စစ်ရေးပူးပေါင်းမှု ဒီပလိုမေစီဟာ တောင်တရုတ်ပင်လယ်အတွင်းက တရုတ်နဲ့ ဖိလစ်ပိုင်သင်္ဘောတွေရဲ့ ထိပ်တိုက်တွေ့မှုမှာ စမ်းသပ်ခံလိုက်ရတယ်။ တရုတ်ဟာ သူတို့ပိုင်ဆိုင်
တယ်လို့ ကြေညာထားတဲ့ တောင်တရုတ်ပင်လယ်မှာ အမေရိကန်ကို မမှုဘူးလို့ စိန်ခေါ်လိုက် သလိုပါပဲ။
အမေရိကန်က လုံခြုံရေးအခြေပြု သံတမန်ရေးမှာ စမ်းသပ်ခံလိုက်ရသလိုပဲ တရုတ်ကလည်း ကုန်သွယ်ရေးနဲ့ စီးပွါးရေးအခြေပြု မဟာဗျူဟာမှာ အကျပ်အတည်းကြုံနေရတယ်။
တရုတ်ပြည်တွင်း စီးပွါးရေးကျဆင်းနေလို့ ရှီကျင့်ဖျင်က ပို့ကုန်မြှင့်တင်ဖို့ ဆော်ဩနေချိန်မှာပဲ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားက သူတို့ရဲ့ပြည်တွင်းစျေးကွက်ကို တရုတ်က လုယူဖျက်ဆီးဖို့ကြိုးစားတယ်ဆိုပြီး တရုတ်ထုတ်ကုန်တွေကို အခွန်တိုးမြှင့်ကောက်ခံမယ်လို့ အင်ဒိုနီးရှား၊ မက္ကဆီကို၊ ဘရာဇီး၊ အိန္ဒိယ၊ ချီလီတို့က ကြေညာလိုက်ပါတယ်။ တရုတ်ရဲ့ အလျံအပယ်ပို့ကုန် မဟာဗျူဟာ ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ရတယ်။
အမေရိကန်ဟာ အစ္စရေးကို ထောက်ခံအားပေးခဲ့လို့ ကမ္ဘာ့နိုင်ငံများ (အထူးသဖြင့် မွတ်ဆလင်နိုင်ငံများ)နဲ့ မျက်နှာပျက်စရာ ဖြစ်ခဲ့ရသလို တရုတ်ကလည်း ယူကရိန်းစစ်ပွဲမှာ ရုရှားကို ထောက်ခံအားပေးခဲ့လို့ ဥရောပနိုင်ငံတွေနဲ့ မျက်နှာပျက်စရာဖြစ်ခဲ့ရတယ်။
ဝင်ရိုးနှစ်ခုကမ္ဘာ (bipolar world) ဖြစ်လာတဲ့ ဒီနေ့ တရုတ်-အမေရိကန်အားပြိုင်မှုဟာ နိုင်ငံငယ်တွေအဖို့ သတိထားစရာတွေလည်း ရှိလာတယ်။ တရုတ်ဟာ တခြားနိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးလို့ဆိုပေမဲ့ အင်အားပြိုင်ဆိုင်မှု၊ အကျိုးစီးပွါးကို အခြေခံပြီး ဖြစ်လာနိုင်တဲ့ပြဿနာတွေ အတွက်တော့ အင်အားတိုးချဲ့မှုတွေ လုပ်ဆောင်နေတာ အထင်အရှားပါပဲ။
CWM
Ref: The whole world risks losing from the US-China rivalry/ CNA