တရုတ်နျူးကလီးယား ရေငုပ်သင်္ဘောတစီး နစ်မြုပ်သွားတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်တဲ့ အခြေအနေကို ထိုင်ဝမ်ကျွန်းရဲ့ ထောက်လှမ်းရေးဌာနတွေက သတိပြုမိကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန် ကူး က အာဏာပိုင်တွေဟာ တရုတ်ရေငုပ်သင်္ဘောနဲ့ ပတ်သက်တဲ့ မီဒီယာအစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ကိုယ်တိုင်လုပ်ဆောင်ခဲ့ပြီးတော့ ထောက်လှမ်းရေးမျိုးစုံနဲ့ စောင့်ကြည့်ရေးနည်းလမ်းတွေကနေ အခြေအနေကို ကိုင်တွယ်ထားတယ်လို့ ပြောဆိုခဲ့ပေမဲ့ အသေးစိတ်တော့ မပြောခဲ့ပါဘူး။
တရုတ်နိုင်ငံရဲ့ အသစ်စက်စက် နျူးကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး နောက်ဆုံးပေါ် ရေငုပ်သင်္ဘောဟာ အခုနှစ် အစောပိုင်းမှာ နစ်မြုပ်ခဲ့ကြောင်း အမေရိကန် အကြီးတန်း ကာကွယ်ရေးအရာရှိတယောက်က စက်တင်ဘာ ၂၆ ရက်မှာ ပြောကြားခဲ့ပြီး ဒါဟာ သူ့ရဲ့ စစ်ရေးစွမ်းရည်ကို ချဲ့ထွင်ဖို့ ကြိုးပမ်းနေတဲ့ ပေကျင်းအတွက် အရှက်ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။
တရုတ်ရဲ့ ပထမတန်းစား နျူရေငုပ် တိုက်သင်္ဘောအသစ်ဟာ မေလမှ ဇွန်လအတွင်း ဆိပ်ခံတံတားအနီးမှာ နစ်မြုပ်သွားခဲ့ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိက ပြောပါတယ်။
ဝါရှင်တန်ရှိ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက သူတို့မှာ ပေးစရာအချက်အလက်တွေ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ သင်္ဘောအစင်းရေ ၃၇၀ ကျော်နဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံးရေတပ်ရှိပြီး မျိုးဆက်သစ် နျူးကလီးယားလက်နက် တပ်ဆင် ရေငုပ်သင်္ဘောတွေကို စတင်ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။
ထိုင်ဝမ်ကလည်း တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။
ဇွန်လတုန်းက ထိုင်ဝမ်တံငါသည်တွေ ငါးဖမ်းနေကြတဲ့နေရာအနီး ထိုင်ဝမ်ရေလက်ကြားမှာ ပေါ်ထွက်လာတဲ့ တရုတ်နျူးကလီးယား ရေငုပ်သင်္ဘောတစင်းရဲ့ဓာတ်ပုံတွေ အွန်လိုင်းပေါ် ပျံ့နှံ့ ရောက်ရှိလာခဲ့ပါသေးတယ်။
Source-Reuters