စက်တင်ဘာ၊ ၁၇ ရက် ၊ အင်္ဂါနေ့ မွန်းလွဲပိုင်းက လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့နဲ့ အနီးအနား တဝိုက်မှာ ပေဂျာပေါက်ကွဲမှုတွေ ဖြစ်ပွားလို့ လူပေါင်း ၂,၈၀၀ ကျော် ထိခိုက်ဒဏ်ရာရသွားပြီး ကလေးငယ်တဦး အပါအဝင် ၉ ဦး သေဆုံးသွားတယ်လို့ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရတယ်။ သေဆုံးသူ ၈ ဦးဟာ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေဖြစ်ပြီး ဒီပေါက်ကွဲမှုဟာ ဟစ်ဇ်ဘိုလာအဖွဲ့ကို အဓိကပစ်မှတ်ထားတဲ့ အစ္စရေးရဲ့လက်ချက် ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြတယ်။
ပေဂျာ (pager) ဆိုတာ ဖုန်းနံပါတ်နဲ့ မက်ဆေ့တွေ ပေးပို့လို့ရတဲ့ လက်ကိုင်ဆက်သွယ်ရေးစက် တခုဖြစ်ပြီး မိုဘိုင်းလ်ဖုန်းတွေ မပေါ်ခင်က အချင်းချင်း ဆက်သွယ်ကြရာမှာ အဓိက အသုံးပြုကြတဲ့ မိုဘိုင်းဆက်သွယ်ရေးစက်တမျိုး ဖြစ်တယ်။ လက်ဘနွန်တောင်ပိုင်းက အစ္စရေးကို တိုက်ခိုက်နေတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တွေဟာ အစ္စရေးရဲ့ ခြေရာခံမှုကို ရှောင်ကွင်းနိုင်ဖို့ မိုဘိုင်းဖုန်းအစား ဟိုအရင်က အသုံးပြုတဲ့ ပေဂျာတွေကိုင်ပြီး အချင်းချင်း ဆက်သွယ်လေ့ရှိကြတယ်။
အင်္ဂါနေ့၊ မွန်းလွဲ ၃ နာရီခွဲအချိန်မှာ ဘေရွတ်မြို့တောင်ပိုင်းက ဟစ်ဇ်ဘိုလာအများစု အခြေချရာ ဒါဟီယေးမှာ ပေဂျာတွေအားလုံး ဆက်တိုက်ဆိုသလို ပေါက်ကွဲမှုဖြစ်ပြီး တနာရီအတွင်း လူပေါင်း ၂,၈၀၀ ကျော် ဒဏ်ရာရသွားပြီး ၉ ဦး သေဆုံးသွားခဲ့တယ်။ ဒဏ်ရာရသူ အများစုဟာ ပေဂျာက အသံမြည်လာချိန်မှာ ပေဂျာကို လက်ထဲယူကြည့်ချိန် ပေါက်ကွဲမှုဖြစ်လို့ မျက်နှာတွေစုတ်ပြတ်၊ လက်ချောင်းတွေပြတ်၊ ခါးတွေမှာ ဒဏ်ရာရခဲ့ကြတယ်။ သေဆုံးသွားတဲ့ ၉ ဦးက ပေါက်ကွဲမှု ပြင်းထန်တဲ့အတွက်ကြောင့်လို့ ဆိုတယ်။ ဗီဒီယိုဖိုင်တခုမှာ ဘေရွတ်မြို့ စူပါမတ်ကက်တခုမှာ ဈေးရောင်းနေသူတဦး ပေါက်ကွဲမှုကြောင့် လဲကျသွားတာကို တွေ့မြင်ရတယ်။ ပေါက်ကွဲမှုတွေဟာ နေရာအနှံ့မှာ ဖြစ်ပေါ်ခဲ့ပြီး ဒဏ်ရာရသူတွေထဲမှာ လက်ဘနွန်ဆိုင်ရာ အီရန်သံအမတ်လည်း ပါတယ်လို့ ဆိုတယ်။
ပေါက်ကွဲမှုက ပေဂျာကိုင်သူကိုသာ အဓိကထိခိုက်စေပြီး အနီးဝန်းကျင်ကလူတွေကို ထိခိုက်အောင် ပြင်းထန်မှု မရှိဘူးလို့ သိရတယ်။ ဒီ ပေဂျာ (pager) တွေဟာ ထိုင်ဝမ်အခြေစိုက် (Gold Apollo) ကုမ္ပဏီက ထုတ်လုပ်တာလို့ သိရတယ်။ လုံခြုံရေးသတင်းအရင်းအမြစ်တခုက ရိုက်တာသတင်းဌာနကို ပြောပြချက်အရ ဒီ ပေဂျာတွေကို မကြာသေးခင်က ဟစ်ဇ်ဘိုလာအဖွဲ့က တင်သွင်းခဲ့တာလို့ ဆိုတယ်။
ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးရဲ့ ရန်လိုတဲ့ ရာဇဝတ်ကျူးလွန်မှု ဖြစ်ပြီး ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ ဆိုတယ်။ အစ္စရေးကတော့ ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး တခွန်းတပါဒမှ မှတ်ချက်ပေး ပြောဆိုခြင်းမရှိဘဲ ဘာမှမသိသလိုဘဲ ရေငုံနှုတ်ပိတ်ပြီး နေခဲ့တယ်။
ပေါက်ကွဲမှုမတိုင်ခင် အချိန်လေးမှာတော့ အစ္စရေးက လုံခြုံရေးအစည်းအဝေး ကျင်းပခဲ့ပြီး လက်ဘနွန်တောင်ပိုင်းက တိုက်ခိုက်မှုတွေကို ရပ်တန့်အောင် လုပ်ရမယ်လို့ ပြောဆိုခဲ့တယ်။ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့တို့ဟာ လက်ဘနွန်တောင်ပိုင်းနဲ့ အစ္စရေးမြောက်ပိုင်း နယ်စပ်ဒေသမှာ ဟိုဘက် ဒီဘက် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်နေခဲ့တာ ဂါဇာစစ်ပွဲ စတင်တဲ့ အောက်တိုဘာ ၇ ရက် နောက်ပိုင်းကတည်းက ဖြစ်တယ်။ ဟစ်ဇ်ဘိုလာအဖွဲ့ကို အီရန်နိုင်ငံက ထောက်ခံအားပေးထားပြီး ဒီအဖွဲ့ဟာ ဟားမတ်စ်အဖွဲ့ကို ထောက်ခံတဲ့ ပါလက်စတိုင်း လက်နက်ကိုင်အုပ်စုလည်း ဖြစ်တယ်။
အခုပေါက်ကွဲမှုတွေ တပြိုင်နက်တည်း ဖြစ်ပွားခဲ့တဲ့ ပေဂျာ (pager) တွေကို ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေ၊ ဆေးဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေ အပါအဝင် အဖွဲ့ဝင်အများအပြားက အသုံးပြုကြတယ်။ ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး သံတမန်တွေနဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ခန့်မှန်းတာက ဘက်ထရီ အပူလွန်ပြီး ပေါက်ကွဲတာလို့ ဆိုတယ်။ တချို့ကတော့ ဘက်ထရီအပူလွန်ပေါက်ကွဲရုံနဲ့ ဒီလောက်အားပြင်းတဲ့ ပေါက်ကွဲမှု မဖြစ်နိုင်ဘူးလို့ ဆိုနေကြတယ်။
ပညာရှင်တချို့က ဟစ်ဇ်ဘိုလာတွေ မှာယူတဲ့ ပေဂျာတွေရဲ့ ပေးပို့တဲ့နေရာတွေကို အစ္စရေးက ထိုးဖောက်ဝင်ရောက်ထားတယ်လို့ ဆိုတယ်။
လစ်သီယန် အိုင်ယွန် ဘက်ထရီတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ နယူးကက်ဆယ်တက္ကသိုလ်က ပေါလ် ခရစ္စတန်ဆင်ရဲ့ အဆိုအရ ဘက်ထရီအပူလွန်လို့ ပေါက်ကွဲမှုဖြစ်စဉ်တွေနဲ့ အခု ပေါက်ကွဲမှုဟာ မတူဘူးလို့ ဆိုတယ်။ ဒီပေါက်ကွဲမှုဟာ အားပြင်းတဲ့ ပေါက်ကွဲမှုလို့ ဆိုတယ်။ လက်ဘနွန် ဒစ်ဂျစ်တယ် အခွင့်အရေးအဖွဲ့တခုရဲ့ သုံးသပ်ချက်ကတော့ ဟစ်ဇ်ဘိုလာတွေဆီ သွားမယ့် ပေဂျာအားလုံးကို အစ္စရေးက ကြားဖြတ်ပြီး နည်းပညာအရ ပေါက်ကွဲစေတဲ့ အရာတွေကို ထည့်သွင်းခဲ့တယ်လို့ ဆိုတယ်။
အစ္စရေး ထောက်လှမ်းရေးအဖွဲ့ဟာ အရင်တုန်းကလည်း ရန်သူရဲ့ လက်ကိုင်ဖုန်းထဲ ပေါက်ကွဲစေတဲ့ ပစ္စည်းထည့်ပြီး ဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့ဖူးတယ်။ ဟက်ကာတွေက ကိုယ်ပိုင်လက်ကိုင်ဖုန်းတွေထဲ နှောင့်ယှက်ဖျက်ဆီးနိုင်တဲ့ ကုဒ်တွေကို ထည့်သွင်းနိုင်စွမ်းရှိပြီး အဲဒီလက်ကိုင်ဖုန်းကို အပူလွန်ပေါက်ကွဲအောင် လုပ်တတ်ကြတယ်လို့ ဆိုတယ်။
လက်ဘနွန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီတိုက်ခိုက်မှုကို အစ္စရေးရဲ့ ဆိုင်ဘာတိုက်ခိုက်မှု (cyber attack) လို့ ပြောကြားလိုက်တယ်။
အခုတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အစ္စရေးဘက်က သူတို့လုပ်တယ်၊ မလုပ်ဘူး တခွန်းတပါဒမှ မှတ်ချက်ပေး ပြောကြားတာ မရှိသလို အမေရိကန်အစိုးရကလည်း ဒီကိစ္စမှာ သူတို့မပါဘူးလို့ ငြင်းထားတယ်။
အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက် (Mossad) ဟာ ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာ ပါလက်စတိုင်း လက်နက်ကိုင်အုပ်စုများနဲ့ သူတို့ကို ထောက်ခံအားပေးနေတဲ့ အီရန်တို့ကို တိုက်ခိုက်ရာမှာ နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးချပြီး ရန်သူ့စခန်းနဲ့ ခေါင်းဆောင်တွေကို ခြေရာခံ လုပ်ကြံလေ့ရှိတယ်။ ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တွေကို ခုလို ပေဂျာကတဆင့် တိုက်ခိုက်မှုမပြုခင် ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ကလည်း ဟားမတ်စ်အဖွဲ့ရဲ့ အကြီးဆုံးခေါင်းဆောင် အစ္စမေးလ် ဟာနီယေးကို အီရန်နိုင်ငံ၊ တီဟီရန်မြို့မှာ ဖောက်ခွဲ လုပ်ကြံသတ်ဖြတ်ပစ်ခဲ့တယ်။
အီရန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်ဖို့ တီဟီရန်ကို ရောက်နေတဲ့ ဟားမတ်စ် အဖွဲ့ခေါင်းဆောင် ဟာနီယေး တည်းခိုနေတဲ့ အစိုးရဧည့်ဂေဟာထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေကို လျှို့ဝှက်ထည့်သွင်းခဲ့ပြီး အဝေးထိန်းစနစ်နဲ့ လုပ်ကြံဖောက်ခွဲခဲ့တာ ဖြစ်တယ်။ ဒီဖောက်ခွဲမှုအတွက် အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်ဟာ ဟားမတ်စ် ခေါင်းဆောင် သွားလာတည်းခိုတတ်တဲ့ နေရာတွေကို အချိန်ယူ အသွင်ယူပြီး ထောက်လှမ်းခဲ့တယ်။ ဟားမတ်စ် ခေါင်းဆောင် လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ခုချိန်ထိ အီရန်က ဖြစ်ရပ်မှန်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရတယ်။
ခေတ်သစ်စစ်ပွဲတွေမှာ နည်းပညာအသုံးပြု တိုက်ခိုက်မှုတွေဟာ မထင်မှတ်တဲ့နေရာ မထင်မှတ်တဲ့ အချိန်တွေမှာ ဖြစ်လာနိုင်တယ်ဆိုတာ လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့က ပေဂျာတိုက်ခိုက်မှုက သက်သေပြနေပြီဖြစ်တယ်..။
CWM
Photo: Reuters
(Ref: CNA. What we know about the deadly pager blasts in Lebanon.)