Home
ဆောင်းပါး
စစ် ပြီးဆုံးခြင်း
DVB
·
September 8, 2024

၁၉၃၉ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှာ စတင်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်ဟာ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာ ၂ ရက်မှာ ပြီးဆုံးသွားခဲ့တယ်။ စုစုပေါင်း ခြောက်နှစ်ကြာခဲ့တဲ့ ဒီစစ်ပွဲမှာ လူ့အသက်ပေါင်း သန်း ၇၀ နဲ့ ၈၅ ကြား ဆုံးရှုံးခဲ့ရပြီး အဲဒီထဲက ထက်ဝက်ဟာ သာမန်အရပ်သားပြည်သူတွေ ဖြစ်ကြတယ်။ စစ်ပွဲကာလအတွင်း ဂျူးတွေကို လူမျိုးတုံးသတ်ဖြတ်မှု Holocaust ဖြစ်စဉ် အပါအဝင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၊ အငတ်ဘေး၊ ရောဂါဘယဘေး ကျရောက်မှုနဲ့အတူ မြို့ရွာ၊ လူနေအိုးအိမ်တိုက်တာ အဆောက်အဦ အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ရပုံတွေကို သမိုင်းမှတ်တမ်းတွေ၊ သမိုင်းနောက်ခံရုပ်ရှင်တွေမှာ နှောင်းလူတွေ၊ နောက်မျိုးဆက်တွေ မြင်တွေ့ခဲ့ရတယ်။

တဖက်နဲ့တဖက် အသေအကျေ တိုက်ခိုက်ကြတဲ့ စစ်ပွဲတခု ပြီးဆုံးခြင်းမှာ ပုံသဏ္ဌာန်သုံးမျိုး ရှိတယ်လို့ ဆိုတယ်။ Armistices.. ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းခြင်း၊ Surrenders.. လက်နက်ချ အရှုံးပေးခြင်းနဲ့ Ceasefires.. အပစ်အခတ် ရပ်စဲခြင်းတို့ ဖြစ်ကြတယ်။ ဒုတိယကမ္ဘာစစ်ဟာ လက်နက်ချ အရှုံးပေးခြင်း (Surrenders) နဲ့ ပြီးဆုံးသွားခဲ့တယ်။

နာဇီခေါင်းဆောင် ဟစ်တလာဟာ ဘန်ကာထဲမှာ မိမိဦးခေါင်းကို သေနတ်နဲ့ပစ်၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပြီးနောက် ဒုတိယကမ္ဘာစစ် အနောက်ဘက်စစ်မျက်နှာမှာ စစ်ပြီးဆုံးသွားခဲ့တယ်။ ဟစ်တလာနဲ့အတူ ဆိုင်ယာနိုက်အဆိပ်သောက်ပြီး အဆုံးစီရင်သွားတဲ့ ဇနီး အီဗာဘရောင်းတို့ သေဆုံးသွားတဲ့နေ့ဟာ ၁၉၄၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်။

နောက် ၇ ရက်အကြာမှာ ဆိုဗီယက်တပ်တွေ ဂျာမနီကို ဝင်ရောက်သိမ်းပိုက်ခြင်းနဲ့အတူ ဂျာမန်တွေ လက်နက်ချ အညံ့ခံလိုက်ကြတယ်။ ၁၉၄၅ ခုနှစ်၊ မေလ ၇ ရက်။

အရှေ့ဘက်စစ်မျက်နှာမှာတော့ စက်တင်ဘာလ ၂ ရက်ကျမှ စစ်ကြီးက ပြီးတယ်။ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နဲ့ ၉ ရက်နေ့တို့မှာ အမေရိကန်က ဂျပန်မြို့ကြီးနှစ်မြို့ဖြစ်တဲ့ ဟီရိုရှီးမားနဲ့ နာဂါဆာကီကို အဏုမြူဗုံးနှစ်လုံး ကြဲချခဲ့တယ်။ ကမ္ဘာမှာ ပထမဦးဆုံး အသုံးပြုတဲ့ ဖျက်အားပြင်း အဏုမြူဗုံးပါ။ ဒီဗုံးဒဏ်ကြောင့် ဂျပန်မြို့ကြီးနှစ်မြို့လုံး ပြာကျသွားပြီး နှစ်လနဲ့ လေးလအတွင်း ဟီရိုရှီးမားမှာ လူပေါင်း ၉၀,၀၀၀ ကနေ ၁၆၆,၀၀၀ သေဆုံးခဲ့ပြီး နာဂါဆာကီမှာ လူပေါင်း ၆၀,၀၀၀ ကနေ ၉၀,၀၀၀ အထိ သေဆုံးသွားခဲ့တယ်။ သေဆုံးသူတွေ အားလုံးရဲ့ ထက်ဝက်ဟာ အဏုမြူဗုံးကြဲတဲ့ ပထမနေ့မှာပဲ သေဆုံးသွားခဲ့တာ ဖြစ်တယ်။

မြို့ကြီးနှစ်မြို့ အဏုမြူဗုံး ကြဲချခံရပြီး လူ့အသက်ပေါင်း သုံးသိန်းကျော် တမဟုတ်ချင်း သေဆုံးခဲ့ရပြီးတဲ့နောက် ဂျပန်ဘုရင် ဟီရိုဟီတိုဟာ မဟာမိတ်တွေထံ လက်နက်ချကြောင်း ရေဒီယိုကတဆင့် ကြေညာခဲ့တယ်။ ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်။

ဂျပန်ရဲ့ လက်နက်ချအခမ်းအနားကို စက်တင်ဘာလ ၂ ရက်မှာ အမေရိကန်ရေတပ်သင်္ဘော ယူအက်စ်အက်စ် မစ်ဆူရီ ပေါ်မှာ ပြုလုပ်ခဲ့တယ်။ ဒါဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားတဲ့ အခမ်းအနားလည်း ဖြစ်တယ်။

လူသားတွေရဲ့ အသက်ပေါင်းများစွာ၊ မြို့ရွာအိုးအိမ် အမြောက်အမြား ပျက်စီဆုံးရှုံး ပြာပုံအတိ ရောက်ပြီးမှ နှစ်ဖက်တိုက်ကြတဲ့ စစ်ပွဲကြီးတခု ပြီးဆုံးသွားတယ်။ အနောက်ဘက်စစ်မျက်နှာမှာ စစ်ရှုံးသွားတဲ့ နာဇီခေါင်းဆောင် ဟစ်တလာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီးတဲ့နောက် ဂျာမန်တွေ လက်နက်ချခဲ့သလို အရှေ့ဘက်စစ်မျက်နှာမှာ အရပ်သားပြည်သူ အမြောက်အမြား အဏုမြူဗုံးဒဏ်သင့် သေဆုံးခဲ့ရပြီးတဲ့နောက် ဂျပန်ဘုရင် ဟီရိုဟီတိုက မဟာမိတ်တွေထံ လက်နက်ချကြောင်း ကြေညာခဲ့တယ်။

လက်နက်ချခြင်းနဲ့ စစ်ရှုံးခြင်းဟာ အဓိပ္ပာယ်တခုတည်းဖြစ်ပေမဲ့ ဒါဟာ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ လုံးဝရပ်ဆိုင်းသွားတာဖြစ်ပြီး စစ်ပွဲတရားဝင်ပြီးဆုံးခြင်း မရောက်သေးပါဘူး။  ငြိမ်းချမ်းရေးစာချုပ် (Peace treaty) ပေါ်မှာ ပါဝင်ပတ်သက်နေကြသူတွေနဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးကြသူတွေ အားလုံး လက်မှတ်ရေးထိုးမှသာ စစ်ပွဲတခု တရားဝင် ပြီးဆုံးတာပါ။ ဂျပန်နဲ့ဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ဟာ Treaty of San Francisco စာချုပ်လက်မှတ်ရေးထိုးတဲ့ ၁၉၅၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ကျမှ တရားဝင်ပြီးဆုံးခဲ့တယ်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းခြင်း (Armistices)၊ လက်နက်ချခြင်း (Surrenders) နဲ့ အပစ်အခတ် ရပ်စဲခြင်း (Ceasefires) နည်းလမ်းသုံးသွယ်ဟာ တဖက်နဲ့တဖက် တိုက်ခိုက်နေကြတဲ့ စစ်ပွဲတပွဲကို ရပ်ဆိုင်းပစ်နိုင်တဲ့ နည်းလမ်းတွေဖြစ်တယ်။  ဒါပေမဲ့ ဒါဟာ သေနတ်သံတွေ တိတ်သွားတဲ့ အခြေအနေသာဖြစ်ပြီး စစ်ပွဲတပွဲ ပြီးဆုံးတဲ့အဆင့် မဟုတ်သေးပါဘူး။ ငြိမ်းချမ်းရေးစာချုပ် (Peace treaty) ချုပ်ဆိုပြီးမှသာ စစ်ပွဲ တကယ်ပြီးဆုံးတယ်လို့ ဆိုတယ်။

စစ်ပွဲတခု ပြီးဆုံးသွားဖို့ ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်း၊ လက်နက်ချခြင်းနည်းလမ်းကတော့ စစ်ပွဲရဲ့သဘာဝ၊ ရည်မှန်းချက်နဲ့ လူထုဆန္ဒအပေါ် မူတည်ပြီး ကွဲပြားမှုရှိပါတယ်။

ဒီနေ့ခေတ်မှာတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းခြင်း (Armistices) နည်းလမ်းကို ရွေးချယ်ပြီး နိုင်ငံရေးစကားပြောကြတာကို အသုံးများလာတယ်လို့ အစ္စဘဲလ် ဒါဗီယွန် ဆိုသူက ending war မှာ ရေးသားထားတာ တွေ့ရတယ်။

စစ်ပွဲတခုရဲ့ အဆုံးသတ်ဟာ အနိုင်တိုက်ရေး ဖြစ်တယ်ဆိုတဲ့ အယူအဆကို နပိုလီယံစစ်ပွဲအပြီး ၁၉ ရာစုမှာ အဓိကကျင့်သုံးခဲ့ကြတယ်။ ကလော့စ်ဝစ်ရဲ့ အကြွင်းမဲ့စစ်ပွဲ (absolute war) သီအိုရီအရ ရှိသမျှ အင်အားအလုံးစုံ အသုံးပြုပြီး ရန်သူကို နာလန်မထူအောင် ဖျက်ဆီးချေမှုန်းပစ်ရေး ဖြစ်တယ်။ စစ်နိုင်သူဟာ စစ်ရှုံးသူ၊ လက်နက်ချအညံ့ခံသူ ရန်သူရဲ့တပ်ကို နာလန်မထူအောင် လုံးဝဖျက်ဆီးပိုင်ခွင့်ရှိတယ်။

(Armistice) ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းတာကျတော့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးအရ နိုင်ငံရေးသမားတွေ စကားပြောဖို့ လမ်းဖွင့်ပေးနိုင်ပြီး စစ်ပြီးဆုံးရေး ဆုံးဖြတ်ချက်နဲ့ နည်းလမ်းတွေကို ချပေးနိုင်တယ်။

ဒုတိယကမ္ဘာစစ်ကြီးဟာ ဝင်ရိုးတန်းနိုင်ငံတွေရဲ့ လက်နက်ချ အရှုံးပေး အညံ့ခံမှုနဲ့ ပြီးဆုံးသွားပေမဲ့ စစ်ကြီးအပြီးမှာ နျူးကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ မတူညီတဲ့ အုပ်စုနှစ်စုကြား စစ်အေးတိုက်ပွဲဟာ နှစ်ဆယ်ရာစုအကုန်ထိ ဆက်ပြီး ဖြစ်ပွားနေခဲ့တယ်။ တဖက်နဲ့တဖက် ထိပ်တိုက် လက်နက်ကိုင်စစ်ပွဲ မဖြစ်ပွားအောင် ရေးမထားတဲ့ Armistice ကျင့်ဝတ်အရ နျူးကလီးယားလက်နက်ကို သုံးစွဲခြင်းမပြုဘဲ ထိန်းသိမ်းခဲ့ကြတယ်။

ဒုတိယကမ္ဘာစစ်အပြီး ကိုရီးယားကျွန်းဆွယ်ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲဟာ အမေရိကန် မဟာမိတ်တွေက တဖက်၊ ဆိုဗီယက်၊ တရုတ်၊ ကွန်မြူနစ် မြောက်ကိုရီးယားတို့က တဖက် ဆင်နွှဲကြတဲ့ စစ်ပွဲပါ။ ဒီစစ်ပွဲဟာ ခုချိန်ထိ မပြီးဆုံးသေးပါဘူး။ ၁၉၅၀ ဇွန်လမှာ ဖြစ်ပွားခဲ့တဲ့ ဒီစစ်ပွဲဟာ ၁၉၅၃ ခုနှစ်မှာ Armistice သဘောတူညီချက်အရ တိုက်ခိုက်မှု ရပ်ဆိုင်းထားတာ ဖြစ်တယ်။ တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံကြား ၃၈ မျဉ်းပြိုင်အရပ်မှာ စစ်မဲ့ဇုန် (Demilitarized zone- DMZ) တရပ် ထူထောင်ပြီး အပစ်ရပ်ခဲ့ကြတာ ဖြစ်တယ်။

ကမ္ဘာပေါ်မှာ မပြီးဆုံးသေးတဲ့ စစ်ပွဲတွေ အမျိုးမျိုး ဆင်နွှဲနေကြတယ်။ နိုင်ငံတကာစစ်၊ ပြည်တွင်းစစ်..။ စစ်ပွဲတွေရဲ့ သဘာဝအရ ရန်သူကို အနိုင်တိုက် ချေမှုန်းကြရတယ်။ လက်နက်ချ (surrenders) အညံ့ခံစေတဲ့ ပန်းတိုင်အထိ အကြွင်းမဲ့စစ်ပွဲ (absolute war) ကို ဆင်နွှဲနေကြတယ်။ စစ်ပွဲတပွဲမှာ ကျဆုံးသွားသူတွေဟာ တဖက်ရန်သူတွေချည်း မဟုတ်၊ မိမိတို့ဘက်ကလည်း အသက်တွေ ပေးဆပ်ကြရတယ်။ ကိုယ်လက်ခန္ဓာတွေ စွန့်လွှတ်ကြရတယ်။ စစ်ပွဲတွေရဲ့ ဆုံးရှုံးမှုဟာ နှစ်ဖက်တပ်တွေချည်းပဲ မဟုတ်။ စစ်ပွဲမှာ ဝမ်းနည်းစရာအကောင်းဆုံးက အပြစ်မဲ့ အရပ်သားပြည်သူတွေ မြေစာပင်အဖြစ် အသက်ဆုံးရှုံးနေကြရတာပဲ ဖြစ်တယ်။ ပစ်ခတ်တိုက်ခိုက်လို့၊ ဗုံးပေါက်ကွဲလို့၊ ဒုံးကျည်ထိမှန်လို့၊ လေယာဉ်နဲ့ဗုံးကြဲလို့ အမျိုးမျိုး အဖုံဖုံသော နည်းလမ်းတွေနဲ့ နေ့စဉ်နဲ့အမျှ အသက်သေဆုံးနေကြရတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ခဲ့ ရုရှားရဲ့ ယူကရိန်းစစ်ပွဲကြောင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ သေဆုံး၊ ဒဏ်ရာရသွားခဲ့တဲ့ အရပ်သားအရေအတွက်ဟာ ၃၀,၄၅၇ ဦးရှိပြီး ၁၀,၅၈၂ ဦးက စစ်ပွဲဖြစ်ပွားစဉ် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်မှာ စတင်ခဲ့တဲ့ အစ္စရေးနဲ့ ဟားမတ်စ် တို့ရဲ့ ဂါဇာစစ်ပွဲကြောင့် သေဆုံးခဲ့ရတဲ့ ပါလက်စတိုင်း အရပ်သား အရေအတွက်ဟာ အခုနှစ် ဧပြီလမှာ ၄၀,၀၀၀ ကျော်သွားပြီလို့ သိရတယ်။ စစ်ပွဲတွေဟာ စတင်ဖို့ လွယ်ကူသလောက် ပြီးဆုံးဖို့ တာရှည်ပြီး လူ့အသက်၊ အိုးအိမ်စည်းစိမ် အမြောက်အမြားကို စတေးကြရတယ်။ စစ်ပွဲတွေအားလုံး ပြီးဆုံးစေချင်ပါပြီ..။

CWM

Ref: Ending war by Isabelle DAVION and Wikipedia.

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013