Home
ဆောင်းပါး
မမြဲသော အာဏာ၊ မမြဲသော ရာထူး..
DVB
·
August 25, 2024

ဒီဩဂုတ်လအတွင်းမှာပဲ မြန်မာနဲ့ အိမ်နီးချင်း နှစ်နိုင်ငံမှာ ဝန်ကြီးချုပ်အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်မှာက ကျောင်းသားဆန္ဒပြမှုနဲ့အတူ လူထုအုံကြွမှုဖြစ်ပြီး အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ် ဟာဆီနာ နိုင်ငံက ထွက်ပြေးသွားခဲ့ရတဲ့နောက် စစ်တပ်က ဆန္ဒပြကျောင်းသားတွေနဲ့ လူထုရဲ့ အလိုကျ ကြားဖြတ်အစိုးရဖွဲ့စည်းမှုကို သဘောတူပြီး စီးပွားရေးပညာရှင် မိုဟာမက် ယူနွတ် ကြားဖြတ်အစိုးရအဖွဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တယ်။

ရှိတ်ဟာဆီနာရဲ့ ၁၅ နှစ်ကြာ အုပ်ချုပ်မှုအဆုံးသတ်သွားပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်ဟာ နောက်လာမယ့် ရွေးကောက်ပွဲမတိုင်မီအထိ ကြားဖြတ်အစိုးရအောက်မှာ ပုံမှန်အတိုင်း ဆက်လက်ချီတက်နေတာတွေ့ရတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မတူဘဲ ထိုင်းမှာကျတော့ အစိုးရတဖွဲ့လုံး မဟုတ်ဘဲ ဝန်ကြီးချုပ် ထာ့ဝီဆင် တဦးတည်းသာ ရာထူးက ဖယ်ရှားခံလိုက်ရပြီး အသက် ၃၇ နှစ်သာ ရှိသေးတဲ့ သက်ဆင်ရဲ့ အငယ်ဆုံးသမီး ဖဲထောင်းထန်း ရှင်နာဝပ်ဟာ ဝန်ကြီးချုပ်သစ် ဖြစ်လာတယ်။ ထိုင်းဝန်ကြီးချုပ် အပြောင်းအလဲကတော့ ကြိုတင်ရေးထားတဲ့ ဇာတ်ညွှန်းတခုအလားပါပဲ။ ဆေထား ထဝီးဆင် ဆိုတဲ့ အရပ်ရှည်ရှည်နဲ့ အိမ်ခြံမြေစီးပွားရေးလုပ်ငန်းရှင် ဝန်ကြီးချုပ်က တာဝန်ထမ်းဆောင်တာ တနှစ်မပြည့်ခင်လေး ရာထူးက ပြုတ်သွားရရှာတယ်။ သူ့အပြစ်က ကြီးတယ်လို့လည်း ပြောမရ၊ မကြီးဘူးလို့လည်း ပြောမရပါ။ အကျင့်ပျက် လာဘ်စားလို့လည်းမဟုတ်၊ စွမ်းဆောင်ရည် ညံ့ဖျင်းလို့လည်း မဟုတ်။ ခြစားမှုနဲ့ အရေးယူခံရဖူးတဲ့ ရှေ့နေဟောင်းတဦးကို ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တဲ့အပေါ် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဒါဟာ ကျင့်ဝတ်ဖောက်ဖျက်မှု ဖြစ်တယ်ဆိုတဲ့ စွဲချက်နဲ့ ဝန်ကြီးချုပ်အဖြစ် ဖယ်ရှားလိုက်တာပါ။ ထဝီးဆင်ကတော့ သူမသိလို့ ခန့်မိတာလို့ ဆိုပေမဲ့ ဥပဒေမှာ မသိလို့ ကျူးလွန်ခွင့်မရှိ ဆိုထားတော့ တနှစ်အကြာ ဝန်ကြီးချုပ်အဖြစ်က အနားယူရုံပေါ့။

ထိုင်းနိုင်ငံရေးဖြစ်စဉ်က ကြိုတင်ရေးထားတဲ့ ဇာတ်ညွှန်းအတိုင်းပါပဲ။ ထဝီးဆင် ထွက်ပြီး ၇၂ နာရီအတွင်း သက်ဆင့်သမီးအငယ်ဆုံး ဖွေ့ထိုင်းပါတီဥက္ကဋ္ဌ ဖဲထောင်းထန်းကို လွှတ်တော်က ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်ခဲ့တယ်။

ပြည်ပမှာ ၁၅ နှစ်လောက် ဝရမ်းပြေးဖြစ်ခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်လည်း ခုတော့ လည်ပင်းကျီးပေါင်းရောဂါပျောက်၊ ခါးနာပျောက်သွားပြီဖြစ်တဲ့အပြင် သူ့အပေါ် ချထားတဲ့ ပြစ်ဒဏ်အားလုံးကိုလည်း ဘုရင့်အမိန့်နဲ့ ကင်းလွတ်ခွင့် ရသွားပါပြီ။ တိုက်တိုက်ဆိုင်ဆိုင် သက်ဆင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရတဲ့နေ့ဟာ သမီးငယ် ဖဲထောင်းထန်း ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခံရတဲ့ ဩဂုတ်လ ၁၈ ရက်၊ တရက်တည်းဖြစ်နေတယ်။

အသက် ၃၇ နှစ်သာ ရှိသေးပြီး ၂၀၂၂ ခုနှစ်ကမှ ဖွေ့ထိုင်းပါတီဝင်ဖြစ်လာတဲ့ ဖဲထောင်းထန်းကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်လိုက်တာနဲ့ ပတ်သက်လို့ ထူးခြားတယ်လို့တော့ မဆိုနိုင်ဘူး။ ထိုင်းနိုင်ငံရေးလောကထဲကို ပြန်ဝင်ရောက်လာပြီဖြစ်တဲ့ ဖွေ့ထိုင်းပါတီကို ထူထောင်သူ၊ အခု နာယက ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ကိုယ်ပွားတဦးက အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်လာတာပါပဲ။ ဖဲထောင်းထန်ကလည်း ပွင့်ပွင့်လင်းလင်း ပြောပြီးသားပါ။ အဖေ့ဆီက အကြံဉာဏ်တွေယူသွားပါမယ်တဲ့။

ထိုင်းနိုင်ငံရေးမှာ ဘုရင်နဲ့ စစ်တပ်အလိုကျ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အာဏာပြင်းပါတယ်။ နိုင်ငံရေးအငြင်းပွားမှုအားလုံးဟာ ခုံရုံးအဆုံးအဖြတ်အောက်မှာ အတည်ပါ။

ဒါကြောင့်မို့ ဖဲထောင်းထန်းရဲ့ ဝန်ကြီးချုပ်သက်တမ်းဟာ ဘယ်လောက်ကြာမလဲ မခန့်မှန်းနိုင်သေးဘူး။ ဖဲထောင်းထန်းကတော့ ဖခင် သက်ဆင်အမျိုးတွေ အရင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်မျိုးက ရှောင်နိုင်အောင် ကြိုးစားမယ်လို့ ဆိုတယ်။

သက်ဆင်အစိုးရဟာ ၂၀၀၆ ခုနှစ်မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုခံခဲ့ရပြီး နောက်တက်လာတဲ့ ဖဲထောင်းထန်းရဲ့ ဦးလေး ဆုံချိုင်း ဝမ်ဆာဝပ်နဲ့ အဒေါ် ရင်လပ်တို့ဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အဆုံးအဖြတ်နဲ့ ရာထူးက ဖယ်ရှားခံခဲ့ရတယ်။

ဒီတကြိမ် ထိုင်းကြီးချုပ်ဖြစ်လာတဲ့ ဖဲထောင်းထန်းဟာ သက်ဆင်ဆွေမျိုးထဲက စတုတ္ထမြောက်ဖြစ်သလို ထိုင်းနိုင်ငံရဲ့ ၃၁ ဦးမြောက် ဝန်ကြီးချုပ်လည်းဖြစ်တယ်။

ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ ဝန်ကြီးချုပ် ထဝီးဆင်က သက်ဆင်ရဲ့ မိတ်ဆွေဟောင်းကြီးတဦးဖြစ်သလို ဖွေ့ထိုင်းပါတီဝင်လည်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ် ထိုင်းရွေးကောက်ပွဲမှာ လူငယ်ခေါင်းဆောင် ပီတာ ရဲ့ move forward အနိုင်ရပြီးတဲ့နောက် ကန့်ကွက်မှုတွေကြောင့် ပီတာကို ဝန်ကြီးချုပ်အဖြစ် မရွေးချယ်နိုင်ခဲ့တဲ့ အခြေအနေမှာ ထဝီးဆင်က ဖွေ့ထိုင်းရဲ့ ရွေးချယ်မှုနဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့တာပါ။

ခုတော့လည်း သူက တနှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်းတဦးအဖြစ်ကနေ သာမန်အရပ်သားတဦး ဖြစ်သွားပါပြီ။ သူတို့ဆီမှာတော့ နိုင်ငံရေးရာထူးဆိုတာ တသက်လုံး ဖက်တွယ်ထားစရာမဟုတ်သလို တာဝန်ပြီးဆုံးသွားတော့လည်း ပေါ့ပေါ့ပါးပါးပါပဲ။ ထဝီးဆင် အဖို့တော့ သက်ဆင်မိသားစုရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ဧည့်သည်တော်တဦးအဖြစ် သရုပ်ဆောင်လိုက်ရသလိုပါပဲ။

နိုင်ငံတွေရဲ့ ဝန်ကြီးချုပ်လို အုပ်ချုပ်ရေးရာထူးက ထာဝရ မဟုတ်သလို ဖက်တွယ်ထားလို့လည်း မရပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် ဒီလအတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းမှာ ဝန်ကြီးချုပ်အပြောင်းအလဲ ဖြစ်သွားသလိုပဲ ဂျပန်မှာလည်း ဝန်ကြီးချုပ်အပြောင်းအလဲ ဖြစ်လာပါတော့မယ်။

လက်ရှိ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါကလည်း နောက်လဆိုရင် အာဏာရပါတီဥက္ကဋ္ဌ အဖြစ်ကနေ နုတ်ထွက်ပြီး ဝန်ကြီးချုပ်ရာထူးကနေ အနားယူတော့မယ်လို့ ကြေညာလိုက်ပါပြီ။ သူ နုတ်ထွက်သွားရင် နောက်ထပ် ပါတီခေါင်းဆောင်တဦး ရွေးချယ်ရမှာဖြစ်လို့ ခန့်မှန်းချက်တွေအရ တက်လာမယ့် ဝန်ကြီးချုပ်သစ်ဟာ အမျိုးသမီးတဦး ဖြစ်နိုင်တယ်လို့ ဆိုနေကြတယ်။ ဒါဆိုရင် သမိုင်းတလျှောက် အမျိုးသမီးဝန်ကြီးချုပ် မရှိခဲ့တဲ့ ဂျပန်မှာလည်း အမျိုးသမီး ဝန်ကြီးချုပ်တဦး ပေါ်လာတော့မယ်လို့ ဆိုနေကြတယ်။

နိုင်ငံတွေမှာ အစိုးရအဖွဲ့အပြောင်းအလဲတွေဖြစ်ကြတယ်။ ဝန်ကြီးချုပ်အပြောင်းအလဲ၊ ခေါင်းဆောင်အပြောင်းအလဲ ဖြစ်ကြတယ်။ ဒါတွေဟာ ထူးခြားဖြစ်စဉ်မဟုတ်ဘဲ ဖြစ်ရိုးဖြစ်စဉ်တွေပဲ ဆိုတာ လတ်တလောသတင်းတွေမှာ တွေ့လိုက်ရတယ်။

CWM

Ref: Bangkok Post / CNA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024