(၁)
ဗီယက်နမ်စစ်ပွဲဟာ နှစ် ၂၀ ကြာခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ရေးထားတယ်။ ၁၉၅၅ ခုနှစ် နိုဝင်ဘာလကနေ ၁၉၇၅ ခုနှစ် ဧပြီလအထိ။ တကယ်ဖြစ်ခဲ့တာက မြောက်ဗီယက်နမ်နဲ့ တောင်ဗီယက်နမ်။ ကွန်မြူနစ် မြောက်ဗီယက်နမ်ဘက်က ဆိုဗီယက်၊ တရုတ်နဲ့ ကွန်မြူနစ်နိုင်ငံတွေက အားပေးကူညီကြပြီး တောင်ဗီယက်နမ်ကိုတော့ အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေက ကူညီအားပေးကြတယ်။
ဒါက ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း အရှေ့-အနောက် အုပ်စုကြီးနှစ်ခုရဲ့ အားပြိုင်မှု (သို့မဟုတ်) စစ်အေးခေတ်ရဲ့ (proxy war)။ ကွန်မြူနစ်ဟန့်တားရေး ခေါင်းစဉ်နဲ့ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုဟာ အင်ဒိုချိုင်းနားဒေသမှာ ကွန်မြူနစ်တွေ ကြီးထွားမလာစေဖို့ ကြိုးစားခဲ့တယ်။ ဒီစစ်ပွဲမှာ အမေရိကန်တွေ အသေအပျောက်များခဲ့သလို ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားပြည်သူတွေ သန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့တယ်။
မြေပြင်တိုက်ပွဲတွေမှာ ဗီယက်နမ်ပြောက်ကျားတွေရဲ့ ထိုးစစ်ကို အမေရိကန်တွေ အလူးအလှိမ့်ခံရတယ်။ အမေရိကန်က မြို့တွေ ရွာတွေကို ရက်ရက်စက်စက် ဗုံးကြဲ ဖျက်ဆီးတယ်။ စစ်ပွဲရဲ့ အစောပိုင်းမှာ ဗီယက်နမ်စစ်ပွဲအတွင်း ပါဝင်တဲ့ အမေရိကန်တပ်ဖွဲ့ ပမာဏဟာ ၁၈၀,၀၀၀ ကျော်သာ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ အင်အား ၅၀၀,၀၀၀ နီးပါးအထိ ပါဝင်ခဲ့ပေမဲ့ အမေရိကန်တွေ ဒီစစ်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်။ အမေရိကန်စစ်သည် ၅၈,၀၀၀ ကျော် ဗီယက်နမ်စစ်ပွဲမှာ သေဆုံးခဲ့တယ်။ ၁၉၇၅ ခုနှစ် ဧပြီလ၊ ဗီယက်ကောင်းပြောက်ကျားတွေ ဆိုင်ဂုံမြို့ထဲ ဝင်လာချိန်ကစပြီး ဗီယက်နမ်စစ်ပွဲဟာ ပြီးဆုံးသွားတယ်။ တောင်-မြောက် နှစ်နိုင်ငံ ပေါင်းစည်းသွားပြီး ဆိုင်ဂုံဟာ ဟိုချီမင်းအဖြစ် အမည်သစ်ပြောင်းသွားတယ်။
ဗီယက်နမ်စစ်ပွဲ ဘာကြောင့် ပြီးဆုံးသွားတာလဲ။ ဘယ်လိုကြောင့် ပြီးဆုံးသွားတာလဲလို့ ဆိုရင် ယေဘုယျအားဖြင့် စစ်ရှုံးလို့ပါလို့ ဆိုနိုင်တယ်။ အမေရိကန်တွေ ဗီယက်နမ်စစ်ပွဲကို ရှုံးနိမ့်ခဲ့တယ်။ အဓိကအချက်တချက်က အမေရိကန်ပြည်သူတွေက ဒီစစ်ပွဲကို မထောက်ခံကြတော့လို့ပါ။ စစ်ပွဲကို ခေါင်းဆောင်တွေက စတင်ခဲ့ပေမဲ့ စစ်ပွဲအတွက် အသက်ပေးရတဲ့ ပြည်သူတွေ တနေ့တခြား များပြားလာတဲ့အခါ အမေရိကန်ပြည်သူတွေက စစ်ကို ဆန့်ကျင်ခဲ့တယ်။
ဗီယက်နမ်စစ်ပွဲရဲ့ နိဂုံးဟာ အမေရိကန်ပြည်သူတွေရဲ့ ဆန့်ကျင်မှု၊ ထောက်ခံအားပေးမှု မရရှိရာက စခဲ့တယ်လို့ ဆိုရမယ်။
(၂)
ဆိုးရွားလှတဲ့ စစ်ရဲ့ အနိဋ္ဌာရုံထဲမှာ ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်တပ်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေလည်း ရှိခဲ့တယ်။ တချို့ဖြစ်စဉ်တွေဟာ မှေးမှိန်ပျောက်ကွယ်နေပေမဲ့ တချို့ဖြစ်စဉ်တွေက သမိုင်းရဲ့ အမည်းစက်အဖြစ် ဒီနေ့အထိ ထင်ကျန်နေခဲ့တယ်။
ဒီအထဲမှာ အထင်ရှားဆုံး ဖြစ်စဉ်တခုကတော့ “မိုင်လိုင်း လူသတ်ပွဲ” (My Lai Massacre) ပါပဲ။
“မိုင်လိုင်း လူသတ်ပွဲ” ဖြစ်စဉ်ဟာ ၁၉၆၈ ခုနှစ်၊ မတ်လ ၁၆ ရက်မှာ ဖြစ်ပွားခဲ့တယ်။ တောင်ဗီယက်နမ်၊ ကွမ်ငိုင်းပြည်နယ်၊ ဆွန်မိုင်းကျေးရွာငယ်နှစ်ခုမှာ ဗီယက်နမ်ရွာသား ၅၀၄ ဦးကို အမေရိကန် တပ်မ ၁၁ က Charlie Company တပ်စုတစုက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတယ်။ လက်နက်မဲ့ရွာသားတွေ ပုန်းခိုနေတဲ့ နေအိမ်တွေထဲ လက်ပစ်ဗုံး ပစ်ထည့်တဲ့အပြင် အပြစ်မဲ့ရွာသားတွေကို မြောင်းတခုထဲ စုဝေးစေပြီး အစုအပြုံလိုက် ပစ်သတ်ခဲ့သလို အမျိုးသမီးငယ်တွေကိုလည်း မုဒိမ်းကျင့် သတ်ဖြတ်ပစ်ခဲ့တယ်လို့ ဆိုတယ်။ သတ်ဖြတ်ခံရသူတွေထဲမှာ အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အရွယ်စုံ ပါဝင်ခဲ့တယ်။ ထိတ်လန့်စရာကောင်းတဲ့ ဒီစစ်ရာဇဝတ်မှု ကျူးလွန်မှုဖြစ်ရပ်ဟာ လအတန်ကြာတဲ့အထိ သတင်းမှောင်ချထားခံရပြီး လူမသိသူမသိ မှေးမှိန်နေခဲ့တယ်။ အမေရိကန်သတင်းစာအချို့က သာမန်စစ်ပွဲသတင်းတပုဒ်အဖြစ် ဖော်ပြခဲ့ပေမဲ့ တလလောက်အကြာ ၁၉၆၈၊ ဧပြီလ ၁၂ ရက်မှာတော့ ထရိုင်းဒင့်သတင်းစာက မိုင်လိုင်းကျေးရွာမှာ အမေရိကန်စစ်သားတွေ ဗီယက်နမ်ရွာသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့သတင်းနဲ့ ဓာတ်ပုံတွေကို ဖော်ပြလိုက်တယ်။ သတင်းဓာတ်ပုံတွေကို ရိုက်ကူးခဲ့သူဟာ ချာလီတပ်စုမှာ ဓာတ်ပုံဆရာအဖြစ် လိုက်ပါသွားသူ သတင်းထောက်ပဲ ဖြစ်တယ်။
ထိတ်လန့်ကြောက်မက်ဖွယ် မိုင်လိုင်းလူသတ်ပွဲ ဖြစ်စဉ်ဟာ ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာမှာ အမေရိကန်ပြည်သူတွေကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာခဲ့ပြီး ဗီယက်နမ်စစ်ပွဲအပေါ် ပြည်သူတွေရဲ့ ဆန့်ကျင်မှုလှိုင်းက ပိုမိုပြင်းထန်လာခဲ့တယ်။ အမေရိကန်ပြည်သူတွေဟာ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်က ပါဝင်နေမှုကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်လာခဲ့ကြတယ်။
မိုင်လိုင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒီ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ ဖြစ်စဉ်မှာ ပါဝင်တဲ့ အမေရိကန်စစ်သည် ၂၆ ဦးကို ၁၉၇၁ ခုနှစ်မှာ စစ်ခုံရုံးတင် စစစ်ဆေးခဲ့ပြီး အဲဒီအထဲက တဦးကိုသာ တောင်ဗီယက်နမ်ရွာသား ၂၂ ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှုနဲ့ ထောင်ဒဏ်တသက် ပြစ်ဒဏ်ချမှတ်ခဲ့တာ တွေ့ရတယ်။
အဲဒီ ပြစ်ဒဏ်ချမှတ်ခံရသူကတော့ “မိုင်လိုင်း လူသတ်ပွဲ” ဖြစ်စဉ်ကို ဦးဆောင်ခဲ့တဲ့ ဒု-ဗိုလ် “ဝီလျံ ကယ်လေ” ပဲဖြစ်တယ်။
“ဝီလျံကယ်လေ” က ထောင်ဒဏ်တသက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပေမဲ့ သမ္မတနစ်ဆင်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ တကယ့်တကယ်မှာ နေအိမ်အကျယ်ချုပ် ၃ နှစ်သာ ကျခံခဲ့ရတယ်။
ခုတော့ ဝီလျံ ကယ်လေ သေဆုံးသွားပါပြီ။ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က ဖလော်ရီဒါမှာ ကွယ်လွန်ခဲ့ကြောင်း ဝါရှင်တန်ပို့စ်က သတင်းရေးပါတယ်။ ကွယ်လွန်ချိန်မှာ ကယ်လေ အသက် ၈၀ ရှိပါပြီ။
ရှားရှားပါးပါး စစ်ရာဇဝတ်မှု ကျူးလွန်မှုကြောင့် အရေးယူခဲ့တဲ့ အမေရိကန်စစ်တပ် အရာရှိငယ် “ကယ်လေ” ကွယ်လွန်မှုသတင်းဟာ ဒီရက်ထဲကျမှ ဘီဘီစီ အပါအဝင် သတင်းတွေမှာ ဖော်ပြလာတာ တွေ့ရတယ်။
ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေထဲ “မိုင်လိုင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု” ဖြစ်စဉ်ဟာ စစ်ပွဲရဲ့ အမည်းစက်တခု၊ အမှောင်ခြမ်းတခု ဖြစ်ခဲ့တယ်။ ဗီယက်နမ်စစ်ပွဲကြောင့် အမေရိကန်စစ်သည် ၅၈,၀၀၀ ကျော် သေဆုံးရသလို ဗီယက်နမ်စစ်သားနဲ့ ဗီယက်နမ်အရပ်သား ၉၇၀,၀၀၀ ကနေ ၃ သန်းအထိ အသက်ဆုံးရှုံးခဲ့ရတယ်။
ဗီယက်နမ်စစ်ပွဲရဲ့ နောက်ဆက်တွဲအဖြစ် စစ်အတွင်း ဗီယက်နမ်ပြည်သူ အမြောက်အမြား “လှေစီးဒုက္ခသည်” တွေအဖြစ်နဲ့ ပြည်ပနိုင်ငံအသီးသီးကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့ သမိုင်းတွေလည်း ရှိခဲ့တယ်။
ခုတော့ ဗီယက်နမ်စစ်ပွဲ ပြီးဆုံးခဲ့တာ နှစ်ပေါင်း ၅၀ နီးပါး ရှိလာခဲ့ပါပြီ။ တောင်-မြောက် နှစ်ခြမ်းကွဲနေတဲ့ ဗီယက်နမ်က ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုနဲ့ စီးပွာရေးပြုပြင်ပြောင်းလဲမှုနဲ့ ခေတ်သစ်ကမ္ဘာကို ရင်ဘောင်တန်းနေပြီဖြစ်သလို တချိန်က ရန်သူဖြစ်ခဲ့၊ စစ်ပွဲဆင်နွှဲခဲ့တဲ့ အမေရိကန်နဲ့လည်း စီးပွားရေးမဟာမိတ်၊ စစ်ရေးမဟာမိတ်အဖြစ် အသွင်ပြောင်းခဲ့ပါပြီ။
စစ်ပွဲတွေဟာ မမြင်ရက်စရာ အနိဋ္ဌာရုံတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆောင်ကြဉ်းပြီး အပြစ်မဲ့ပြည်သူ မြောက်မြားစွာရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးပစ်ကြတယ်။ ဗီယက်နမ်စစ်ပွဲဟာ အမေရိကန်အတွက် အကျည်းတန်ခဲ့သလို သမိုင်းသင်ခန်းစာတွေ အများကြီး ပေးခဲ့တယ်။ မိုင်လိုင်း လူသတ်ပွဲဟာ ဗီယက်နမ်စစ်အတွင်း အမေရိကန်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု ပြယုဂ်တခုလည်း ဖြစ်တယ်။
Ref: Willian Calley, face of My Lai massacre, dead at 80 - BBC