
ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဆိုဘောသဲရွာအနီး ရေဝိုင်းတောင်မှာ စစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စပါးရိတ်သိမ်းနေတဲ့ အမျိုးသားတယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၅ ရက် နေ့လယ် ၂ နာရီက အသက် ၄၀ အရွယ် ဦးအာကို့စတီနိုးဟာ စပါးရိတ်ပြီး ကားပေါ်သိမ်းနေတုန်း စစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “သူတို့က ရေဝိုင်းတောင်နားမှာ စစ်ရှောင်နေတာ။ စပါးသိမ်းပြီး ကားပေါ် တင်နေတဲ့အချိန် ဒရုန်းဗုံးက ကျတာ။ ကားနား လူနှစ်ယောက်ရှိတယ်။ အဲဒီဦးလေးတော့ ပွဲချင်းပဲ သေဆုံးတယ်။ နောက်တဦးတော့ အနည်းငယ်ပဲ ဒဏ်ရာရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ရေဝိုင်းတောင် အနီးတဝိုက်မှာ အင်အား ၅၀ နဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ စိုက်ပျိုးထားတဲ့ လယ်ယာစပါးတွေ မသိမ်းနိုင်ဘဲ ဖြစ်နေတယ်လို့ ပြောပါတယ်။
အောက်တိုဘာ ၂၁ ရက်ကလည်း ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ စပါးသိမ်းနေတဲ့ တောင်သူတွေကို စစ်တပ်က ဒရုန်းဗုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၂၄ နှစ်အရွယ် အမျိုးသားတယောက် သေဆုံးခဲ့ပြီး အမျိုးသား ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။




