
ရခိုင်ပြည်နယ်၊ အမ်းမြို့ကို အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၂ စီးဟာ အမ်းမြို့ မြို့ဟောင်းရပ်ကွက်ကို အောက်တိုဘာ ၂၆ ရက် နေ့လယ် ၃ နာရီ ၂၈ မိနစ်မှာ တကြိမ်၊ ၃ နာရီ ၃၂ မိနစ်မှာ တကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကလေးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“မနေ့က နေ့လယ်ပိုင်းမှာ စစ်ကောင်စီက မြို့ဟောင်းကို ဂျက်ဖိုက်တာ ၂ စီးနဲ့ တိုက်ခိုက်ခဲ့တာ ရှိတယ်။ စစ်ရေး ဘာမှသက်ဆိုင်မှုမရှိတဲ့ အရပ်သားနေတဲ့ ရပ်ကွက်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ။ ၃ တန်းကျောင်းသားတဦး ထိခိုက်ဒဏ်ရာ ရရှိသွားတာကြောင့် လက်ရှိ ဆေးကုသမှု ခံယူနေကြရတယ်။ တခြား အသေးစား ဒဏ်ရာရသူတချို့လည်း ရှိတယ်။ အိမ်တွေလည်း ထိခိုက်ပျက်စီးသွားတာ ရှိတယ်။”
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူမှာ အသက် ၉ နှစ်အရွယ် မောင်ဆလိုင်းသိန်းဇော်သန်း ဖြစ်ပါတယ်။
အမ်းမြို့ဟာ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိခဲ့တာဖြစ်ပြီး နပခ ဌာနချုပ်နဲ့ အမ်းမြို့ကို ၂၀၂၄ ဒီဇင်ဘာမှာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက မကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
အောက်တိုဘာ ၂၅ ရက်ကလည်း စစ်ကောင်စီက ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ကျေးရွာသား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ စစ်ရေးတင်းမာနေတဲ့ ရခိုင်က မြို့နယ်တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေတို့မှာ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်မှုတွေ ပြုလုပ်နေသလို AA ထိန်းချုပ်မြို့နယ်တွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။




