
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ် ဝမ်ပေါင်ကြေးနီစီမံကိန်းအနီး စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ်ကြောင့် ဆည်တည်းရွာဟောင်းက ရွာသား ၉ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၉ ရက်မှ ၂၆ ရက်အထိ စစ်တပ်ရဲ့ အသတ်ခံထားရတဲ့ ရွာသား အလောင်း ၈ လောင်းနဲ့ စစ်တပ် စစ်ကြောင်းထိုးဝင်လာလို့ ထွက်ပြေးရင်း ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး သေဆုံးခဲ့ရတဲ့ အဘွားအို တယောက်ရဲ့ အလောင်းကိုသာ ကောက်ယူ မီးသင်္ဂြိုဟ်ပေးနိုင်ခဲ့သေးတယ်လို့ ဆည်တည်းရွာသားက ပြောပါတယ်။
မုံရွာမြို့နယ် နမခကနေတက်လာတဲ့ စစ်တပ်က ဝမ်ပေါင်ကုမ္ပဏီနယ်မြေမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နယ်မြေရှင်းလင်းရေးဆိုပြီး အကြမ်းဖက်လူသတ်၊ ပစ္စည်းခိုး လုယက်မှုတွေ လုပ်ဆောင်နေတာလို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ဆည်တည်းရွာ နေထိုင်သူတယောက်က “အောက်တိုဘာ ၁၈ ရက်နေ့ ကတည်းက မုံရွာမြို့က ချင်းတွင်းမြစ်ကို ဖြတ်ကူးကာ ဝမ်ပေါင်ကုမ္ပဏီနယ်မြေထဲကို စစ်အင်အား အများအပြားနဲ့ ဝင်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ အများပြည်သူ နေထိုင်ရာ ကျေးရွာတွေကို ပစ်မှတ်ထား ပစ်ခတ်နေပြီး မထင်ရင်မထင်သလို ကျေးရွာတွေကို ဝင်ရောက်စီးနင်း၊ ဒေသခံတွေကို ဖမ်းဆီး သတ်ဖြတ်နေတာ”လို့ ပြောပါတယ်။
ဝမ်ပေါင်ကုမ္ပဏီ အနီးနားရှိ ကျေးရွာပေါင်း ၂၈ ရွာလောက်က လူဦးရေ ၁၀,၀၀၀ ကျော်က စစ်ဘေးရှောင်အဖြစ် နေထိုင်နေရတဲ့အပြင် သက်ကြီးရွယ်အိုတွတချို့ကတော့ ထွက်ပြေးနိုင်ခြင်း မရှိဘဲ ရွာအတွင်းမှာ ပိတ်မိနေပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက သက်ကြီးရွယ်အိုတွေကို ကယ်ထုတ်ဖို့ အကြိမ်ကြိမ် ကြိုးစားနေပေမဲ့ တိုက်ပွဲဖြစ်နေတာကြောင့် မအောင်မြင်ဘူးလို့လည်း သိရပါတယ်။
လက်ရှိအချိန်အထိ ကျေးရွာ ၃ ရွာမှာ သက်ကြီးရွယ်အို ၂၀ ကျော်လောက် ပိတ်မိနေပြီး အစာရေစာနဲ့ ဆေးဝါး လုံးဝမရှိလို့ သက်ကြီးအမျိုးသားတယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။




