
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ခင်မွန်ရွာနေ အသက် ၆၀ အရွယ် ဦးအောင်သန်းကို အောက်တိုဘာ ၂၅ ရက်မှာ စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ဒီနေ့မနက်မှာ အလောင်းယူဖို့ မိသားစုဆီ အကြောင်းခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မိသားစုနဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတာ ဦးအောင်သန်း အပါအဝင် မိသား စု ၅ ဦး အဖမ်းခံရတာဗျ။ သူတို့နေတာက ခင်မွန်ရွာ ဖုန်းတာဝါတိုင်အနီးမှာ နေကြတာ။ အလုပ်အကိုင်ကတော့ နွားနို့ညှစ်တဲ့ လုပ်ငန်းလုပ်တာဗျ။ သူတို့မိသားစုလိုက်ကို မနေ့က အောက်တိုဘာ ၂၅ ရက်နေ့က ဖမ်းဆီးပြီး ညနေ ၆ နာရီမှာ ချောင်းဦးထွေအုပ်ရုံးထဲ ခေါ်သွားတယ်။ ဒီနေ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ အလောင်းလာယူဖို့ ဦးအောင်သန်းရဲ့ ညီမတွေဆီ အကြောင်းကြားလို့ အလောင်းသွားယူလာခဲ့ပြီဗျ။ အလောင်းကိုတော့ အောင်ချမ်းသာရွာက နာရေးကား နဲ့ သွားသယ်လာခဲ့တယ်။ အလောင်းကတော့ ခင်မွန် ရောက်ပါပြီဗျ” လို့ ပြောပါတယ်။
အဖမ်းဆီးခံခဲ့ရတဲ့ ဦးအောင်သန်းရဲ့ မိန်မနဲ့သားသမီးတွေကိုတော့ စစ်ကောင်စီက ပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တယောက်က “စစ်ကောင်စီက ခင်မွန်ကို ဝင်ဝင်ချင်းပဲ ရွာသားတွေကိုဖမ်းပြီး ဘောလုံးကွင်ထဲမှာ နေပူလှန်းတယ်။ ညနေပိုင်းရောက်တော့ အသက်ကြီးတဲ့သူတွေကို ပြန်လွှတ်ပေးတယ်။ လူငယ် ၂၀ ကျော်ကိုတော့ ဒီနေ့ အောက်တိုဘာ ၂၆ ရက်နေ့အထိ ပြန်လွှတ်မပေးသေးဘူး။ မနေ့ကလည်း ခင်မွန်ရွာသား ၂ ဦးကိုလည်း သတ်သွားသေးတယ်ဗျ။ စစ်ကြောင်းတချို့တဝက်က ခင်မွန်ရွာ ကားလမ်းမဘေးမှာ ရှိနေသေးတယ်။ တချို့တဝက်ကတော့ ချောင်းဦးမြို့ကို အောက်တိုဘာ ၂၅ ရက်နေ့ ညနေ ၆ နာရီက ပြန်သွားတာလည်း ရှိတယ်ဗျ။ ကျနော်တို့နဲ့ကတော့ တိုက်ပွဲဖြစ်ပွားတာ မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၅ ရက် ညနေပိုင်းမှာလည်း ခင်မွန်ရွာမှာ ရောက်ရှိနေတဲ့ စစ်သားတွေက ကျီကုန်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်လို့ ဘုန်းတော်ကြီးကျောင်း ပျက်စီးခဲ့ရပြီး ရွာသားတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့လည်း သိရပါတယ်။




