
မန်ယူအသင်းရဲ့ ရလဒ်ကောင်းမွန်လာမှုဟာ လေ့ကျင့်ရေးကွင်းမှာ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တာတွေက အဓိကအချက်ဖြစ်ကြောင်း တိုက်စစ်ကစားသမား အမ်ဘူမိုက ပြောသွားပါတယ်။
ကင်မရွန်း ကစားသမားဟာ ဘရိုက်တန်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့ပြီး အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၄ ဂိုး ရယူထားသူပါ။
လေ့ကျင့်ရေးကွင်းမှာ ပြင်းထန်တဲ့ အလုပ်ကြိုးစားမှုတွေက ရလဒ်ကောင်းမွန်လာခြင်းရဲ့ အဓိကအချက်ဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ လုပ်ဆောင်ထားတာတွေကို ကွင်းထဲမှာ ထပ်မံလုပ်ဆောင်နိုင်ဖို့ ကြိုးစားတာဖြစ်ကြောင်း အမ်ဘူမိုက ပြောပါတယ်။
အလုပ်ကြိုးစားမှုအပြင် စည်းလုံးညီညွတ်မှုရှိတာကလည်း အဓိကအချက်ဖြစ်ပြီး ဖြစ်နိုင်သမျှ အကောင်းဆုံးစွမ်းဆောင်ရည်ရရှိဖို့ ကြိုးစားကြောင်းလည်း အမ်ဘူမိုက ပြောသွားပါတယ်။
ယူနိုက်တက်ဟာ လိဂ် ၃ ပွဲဆက်နိုင်ပွဲနဲ့ အတူ ပွဲစဉ် ၉ အပြီးမှာ အဆင့် ၆ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။


