
တရုတ်-မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးတပ် (KIA) ထိန်းချုပ်ရာ လိုင်ဇာနဲ့ မိုင်ဂျာယန် နယ်စပ်ဂိတ်တွေကို အောက်တိုဘာ ၂၅ ရက်ကစ ပြန်ဖွင့်ပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတယောက်က “လိုင်ဇာ နယ်စပ်ဂိတ် လွတ်လွတ်လပ်လပ်ကြီးတော့ မဟုတ်ပေမဲ့ လူအဝင်အထွက်တော့ရပြီ” လို့ ပြောပါတယ်။
တရုတ်ဘက်က ဆောက်လုပ်ရေး ပစ္စည်းတွေ သယ်ယူလို့ ရသလို မြန်မာဘက်ခြမ်းက လူတွေလည်း သွားလို့ရပြီလို့ ဆိုပါတယ်။
နောက်ထပ် ဒေသခံ အမျိုးသားတယောက်က “လိုင်ဇာ နယ်စပ်ဂိတ်မှာတော့ လူအဝင်အထွက်လုပ်နေပြီ။ ဒီဘက်ခြမ်းက လူတွေလည်း သွားကြတယ်။ တရုတ်ဘက်ခြမ်းက လူတွေလည်း လာကြတယ်။ ကုန်ပစ္စည်းနဲ့ ပတ်သက်တာတော့ ဘယ်လိုလဲတော့ မသိဘူး” လို့ ပြောပါတယ်။
မြန်မာဘက်ခြမ်းအတွက်တော့ နယ်စပ်ဖြတ်ကျော်ဖို့ နယ်စပ်ဖြတ်ကျော်ခွင့် အထောက်အထား လိုအပ်ပြီး အဲဒီအထောက်အထားအတွက် ဘယ်လို လုပ်ရမလဲဆိုတာ ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
မိုင်ဂျာယန် နယ်စပ်ဂိတ်ဖွင့်ဖို့ တရားဝင် စာကျထားပြီးဖြစ်ကြောင်း၊ အောက်တိုဘာ ၂၅ ရက်နေ့ မနက်ကစ လူရော ကုန်ပစ္စည်းတွေပါ အဝင်အထွက်ရပြီးလို့ သိရပြီး မိုင်ဂျာယန် ဒေသခံတွေအတွက် ဘယ်လို အထောက်အထားပြရတယ်ဆိုတာ အသေးစိတ် မသိရသေးဘူးလို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
အရင်က နယ်စပ်ဂိတ် ဖွင့်ထားပေမဲ့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ ကြံ အပါအဝင် တရုတ် ကုမ္ပဏီပိုင် ပစ္စည်းတွေသာ သယ်ယူပို့ဆောင်ခွင့်ပြုတာဖြစ်ပြီး လက်ရှိက အရင်ထက်စာရင် လူ အဝင်အထွက်နဲ့ တခြားကုန်တွေပါ သယ်ဆောင်ခွင့်ပြုတာလို့ ဆိုပါတယ်။
လိုင်ဇာ နဲ့ မိုင်ဂျာယန် နယ်စပ်ဂိတ်တွေ ပြန်လည် စတင်ဖွင့်လှစ်တဲ့ အောက်တိုဘာ ၂၅ ရက်ကနေ နိုဝင်ဘာ ၁ ရက်နေ့အထိ နယ်စပ်ဂိတ် လူအဝင်အထွက်နဲ့ ကုန်စည်သယ်ဆောင်မှု အခြေအနေကို နေ့တိုင်း ညနေ ၆ နာရီထက် နောက်မကျဘဲ အချိန်မီ ကချင်လွတ်လပ်ရေး ကောင်စီရုံးကို တင်ပြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က အသိပေး ညွှန်ကြားစာထုတ်ထားပါတယ်။
လိုင်ဇာ နဲ့ မိုင်ဂျာယန် နယ်စပ်ဂိတ်တွေကို အောက်တိုဘာ ၂၄ ရက်နေ့ တရုတ်စံတော်ချိန် ည ၁၂ နာရီ တိတိမှာ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ကြောင်း တရုတ်နိုင်ငံဘက်ကနေ အကြောင်းကြားလာတယ်လို့လည်း ဖော်ပြထားပါတယ်။




