
မြန်မာ-တရုတ်နယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့မှာ အထောက်အထားမဲ့နဲ့ သက်တမ်းလွန်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေကို သြဂုတ်လအတွင်း ဆက်တိုက်ဖမ်းဆီးကာ နေရပ်ပြန်ပို့နေပြီး ကူးစက်ရောဂါရှိသူတွေကို ရာသက်ပန် တရုတ်ပြည်ဝင်ခွင့် ပိတ်လိုက်တယ်လို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။
တရုတ်ဘက်မှာ နေထိုင်ဖို့ အထောက်အထား သက်တမ်းလွန်နေပြီဖြစ်တဲ့အတွက် အဖမ်းခံရမှာ စိုးရိမ်နေရပြီး ဖမ်းမိသွားရင် လွတ်မှာ မဟုတ်ဘဲ မြန်မာပြည်ဘက် ပြန်ပို့ခံရမှာလို့ ရွှေလီရောက် မြန်မာအမျိုးသမီး တယောက်က ပြောပါတယ်။
ဖမ်းဆီးပြီး ပြန်ပို့ခံရသူတွေဟာ မံစီ ၁၅၆တပ် မှာ လချီ အချုပ်ချပြီးနောက် မူဆယ်ဘက် ပို့ခံရကာ ဖမ်းမိမိချင်းမှာလည်း ရောဂါစစ်ဆေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။
အဲ့ဒီအပြင် တရုတ်နိုင်ငံဘက်ကို စဝင်တဲ့အခါမှာလည်း ရောဂါ ရှိ၊ မရှိ စစ်ပြီး ကူးစက်ရောဂါ ရှိနေကြောင်း တွေ့ရှိသူ မြန်မာနိုင်ငံသားတွေဟာ တရုတ်နိုင်ငံထဲကို အမြဲတမ်း ပြန်ဝင်လာခွင့်မရှိတဲ့ ပြည်ဝင်ခွင့် အပိတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။
အထောက်အထားမရှိတဲ့အတွက် အဖမ်းခံရရင် မြန်မာနိုင်ငံ ပြန်ပို့ခံရတဲ့အပြင် တရုတ်နိုင်ငံအတွင်း ပြည်ဝင်ခွင့် အပိတ်ခံရမှာ ဖြစ်ပြီး တရုတ်နယ်စပ်အတွင်းကနေ မြန်မာနိုင်ငံ မူဆယ်ဘက် ပြန်ပို့ခံနေရသူ မြန်မာနိုင်ငံသားအများစုဟာ တရားမဝင်နေထိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီး ပြန်ပို့ခံရတဲ့ မြန်မာမိန်းကလေးတယောက်က “ညီမတို့က ခိုးပေါက်ကနေဝင်လာလို့ အထောက်အထား မရှိလို့ ဖမ်းတာ။ တရုတ်ဘက်က မူဆယ် နယ်စပ်ဂိတ်အထိ လာပို့တယ်။ ပြန်ဝင်လို့ မရဘူး။ နှစ်ချီ တရုတ်ဘက် ဝင်ခွင့် ပိတ်ထားတယ်။ တရားမဝင် နေထိုင်ပြီး လုပ်ကိုင် စားသောက်နေဆဲမှာ တရုတ်ရဲ ဖမ်းမိပြီး ပြန်ပို့ခံရသူတွေကို ပြည်ဝင်ခွင့် နှစ်ကန့်သတ်ချက်တွေနဲ့ ပိတ်လိုက်တာမျိုး ဖြစ်တယ်။ တချို့ မြန်မာလူငယ်တွေနဲ့ မြန်မာအမျိုးသမီးငယ်တွေကတော့ သူ့တို့ကို သွေးစစ်လိုက်ချိန် ကူးစက်ရောဂါ ကူးစက်ခံထားရလို့ ပြန်ပို့ခံလိုက်ရသူတွေ ဖြစ်တယ်” လို့ ပြောပါတယ်။
တရုတ်နယ်စပ်ကို ဝင်ရောက်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်း အသက်ကန့်သတ်မှုနဲ့ ကိုက်ညီမှုရှိသူတွေကို နယ်စပ် ယာယီဖြတ်သန်းခွင့်ကတ် မထုတ်ပေးသလို မူဆယ်ခရိုင် အိမ်ထောင်စုမရှိသူတွေအနေနဲ့ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီလည်း ပြုလုပ်မပေးဘဲ ကန့်သတ်ခံထားရပါတယ်။
အခုလို ကန့်သတ်ချက်တွေကြောင့် ပြည်တွင်းမှာ အလုပ်ရှားပါးတဲ့အတွက် တရုတ် နယ်စပ်ဘက်မှာ အလုပ်လုပ်ကိုင်ဖို့ သွားရောက်လို့တဲ့ တချို့ မြန်မာလုပ်သားတွေဟာ တရုတ်ဘက်ခြမ်းကို အထောက်အထားမဲ့ ဝင်ရောက် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
လင်းအိမ်