ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် တည်ရှိတဲ့ ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ မိုးအဆက်မပြတ် ရွာသွန်ပြီး တောင်ကျချောင်းရေ ကြီးလာတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်နဲ့ ၁၁ ရက်နေ့တို့မှာ နှစ်ကြိမ်တိုင် ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့ပြီးနောက် ရေဘေးသင့်သူတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေကြီးရေလျှံတာကြောင့် စစ်ဘေးဒုက္ခသည် အပါအဝင် အိမ်ထောင်စု ၁၀၀ ကျော် ရေဘေးသင့်နေပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကနေ ပြန်လည်ထူထောင်ရေးနဲ့ ကူညီရေး ကော်မတီ ဖွဲ့စည်းကာ ကူညီပေးနေတာ ရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIO ကနေ ကူညီထောက်ပံ့တာ ရှိပေမဲ့ အကူအညီတွေ လိုအပ်နေဆဲပဲလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။
“ကျနော်တို့ KIO အစိုးရကနေ ကော်မတီဖွဲ့ပြီး ကူညီပေးနေတာ ရှိပါတယ်။ တချို့အိမ်ထောင်စုတွေကိုတောင် ပြန်လည်နေရာချထားပေးတာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ အဓိက အခက်အခဲက သောက်သုံးရေ ဖြစ်ပါတယ်။ မိုးတွင်းကာလဆိုတော့ သောက်ရေ အဆင်မပြေရင် ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်လာမှာကို စိုးရိမ်ရတယ်။”
လိုင်ဇာမြို့မှာ ရေကြီးရေလျှံ ၂ ကြိမ် ဖြစ်ပွားခဲ့တာကြောင့် မြို့ပေါ်ရပ်ကွက်နဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေရှိတဲ့ ရွာပေါင်း ၅ ရွာ ရေဘေးသင့်ခဲ့ပြီး နေအိမ်၊ ဆိုင်ခန်းတွေနဲ့ ဒုက္ခသည်စခန်း အဆောက်အအုံ အများစု ပျက်စီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
နှစ်တိုင်း မိုးတွင်းကာလမှာ မိုးများပြီး မြစ်၊ ချောင်း ရေမြင့်တက်တာ ဖြစ်လေ့ရှိပေမဲ့ အခုနောက်ပိုင်းမှာ ရေကြီးရေလျှံတာ မကြာခဏ ဖြစ်လာပြီး ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိလာတာလို့ လိုင်ဇာဒေသခံတွေက ပြောပါတယ်။