မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ အောက်တိုဘာ ၂၆ ရက် ဒီနေ့ ကွာလာလမ်ပူမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဟာ 'မြန်မာတွေ ပိုင်ဆိုင်မှုနဲ့ မြန်မာဦးဆောင်မှု'သာ ဖြစ်ရမယ်လို့ ပြောကြားသွားပါတယ်။
ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဒီကနေ့နှောင်းပိုင်းမှာ လက်မှတ်ရေးထိုးမှာဖြစ်ကြောင်းလည်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးက ပြောပါတယ်။
အာဆီယံဒေသတွေတဝန်း မရေရာမှုတွေ တိုးပွားလာနေခြင်းအပေါ် ယှဉ်ပြိုင်မှုတွေ မြင့်တက်လာနေတာကို တွေ့မြင်နေရကြောင်းနဲ့ ဒီလိုအပြိုင်အဆိုင်တွေဟာ ကျနော်တို့ရဲ့ စီးပွားရေးတွေကိုသာမက ပူးပေါင်းဆောင်ရွက်နိုင်တဲ့ စည်းလုံးညီညွတ်မှုနဲ့ ယုံကြည်မှုအထိ စမ်းသပ်နေပါတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။
“ဒီနေ့မနက်ပိုင်းမှာ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ဟာ ကွာလာလမ်ပူမှာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးတဲ့အခါ ဒီယုံကြည်ချက်က အောင်မြင်နိုင်တယ်ဆိုတာကို ကမ္ဘာကြီးက မြင်တွေ့ရပါလိမ့်မယ်။ ပြန်လည်သင့်မြတ်ရေးဆိုတာ လိုက်လျောမှုမဟုတ်ဘဲ ရဲစွမ်းသတ္တိရဲ့ လုပ်ရပ်တခုဖြစ်ပြီး ငြိမ်းချမ်းရေးကို ရွေးချယ်ပြီးတာနဲ့ နိုင်ငံတွေရဲ့ အနာဂတ်ကို ပြန်လည်ပုံဖော်နိုင်တယ်ဆိုတာ သတိပေးနေပါတယ်။”
မလေးဝန်ကြီးချုပ် အန်ဝါက အာဆီယံဟာ အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် အခြေအနေတွေကို မြှင့်တင်ဖို့ လုပ်ဆောင်ခဲ့ရာမှာ အဲဒီအတွက် စိတ်ရှည်သည်းခံမှုနဲ့ ဇွဲလုံ့လရှိမှု၊ လက်တွေ့အခြေအနေတွေကို ရိုးရိုးသားသား နားလည်သဘောပေါက်မှု လိုအပ်ကြောင်းကို သိရှိရတယ်လို့လည်း ပြောပါတယ်။
အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်အရ အာဆီယံဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို လျှော့ချဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို လျှော့ချဖို့အတွက် ရရှိနိုင်တဲ့ လမ်းကြောင်းတိုင်းနဲ့ မိတ်ဖက်တိုင်းကို အသုံးပြုနေပေမဲ့ ရေရှည်တည်တံ့တဲ့ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကို အတင်းအကျပ် ပြဋ္ဌာန်းလို့မရကြောင်းနဲ့ မြန်မာ့ငြိမ်းချမ်းရေးဟာ 'မြန်မာတွေ ပိုင်ဆိုင်မှုနဲ့ မြန်မာဦးဆောင်မှု'သာ ဖြစ်ရမယ်၊ ဒါမှလည်း ပြန်လည်သင့်မြတ်ရေးက ရေရှည်တည်တံ့မှာဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အောက်တိုဘာ ၂၅ ရက်က မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က အာဆီယံဟာ ရွေးကောက်ပွဲစောင့်ကြည့်သူတွေကို မြန်မာနိုင်ငံကို စေလွှတ်နိုင်ခြေနဲ့ပတ်သက်ပြီး အကြီးတန်းအရာရှိအဆင့်မှာ ဆွေးနွေးမယ်လို့ ပြောကြားခဲ့ပါတယ်။
Source: Reuters










