Home
နိုင်ငံတကာ
တရုတ်နှင့် မလေးရှားစစ်တပ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်
DVB
·
October 21, 2025
Photo :Reuters

တရုတ်နဲ့ မလေးရှား စစ်တပ်က တပ်ဖွဲ့ဝင်တွေဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း ရေကြောင်း လုံခြုံရေး၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးအတွက် လေ့ကျင့်ခဲ့ကြပါတယ်။

“ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေး ၂၀၂၅” လို့ နာမည်ပေးထားတဲ့ ဒီစစ်ရေးလေ့ကျင့်မှုကို မလေးရှားနဲ့ ပတ်ဝန်းကျင်ရေပြင်မှာ အောက်တိုဘာ ၁၅ ရက်ကနေ ၂၃ ရက်အထိ လေ့ကျင့်မှာပါ။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ရေတပ်ရဲ့ သင်္ဘော Type 052D ဖျက်သင်္ဘော ယဉ်ချွမ်၊ Type 071 ကုန်းရေနှစ်သွယ် ကမ်းတက်သင်္ဘော ကျင်းဂံရှန်းနဲ့ Type 056A တိုက်သင်္ဘော ကျင်းမဲန်းတို့ဟာ ပါဝင်လေ့ကျင့်ဖို့ မလေးရှားနိုင်ငံ ပို့ထ် ကလန်းဂ် ဆိပ်ကမ်းကို အောက်တိုဘာ ၁၃ ရက်က ရောက်လာပါတယ်။

နှစ်ဖက်တပ်သားတွေဟာ သောကြာနေ့မှာ ဆိပ်ကမ်းအတွင်း နေရာကွက်စစ်ဆေးခြင်းနဲ့ ဖမ်းယူ သိမ်းပိုက်ခြင်းအတွက် စစ်ဆင်ရေးတွေကို လေ့ကျင့်ခဲ့ပါတယ်။

လေ့ကျင့်အပြီးမှာ တရုတ်နဲ့ မလေးရှားစစ်သည်တွေဟာ အရေးကိစ္စတွေကို ဖော်ထုတ်ဖို့နဲ့ လေ့ကျင့်ရေးအစီအစဉ်ကို သင့်လျော်မှုရှိရှိ ပိုကောင်းကောင်းလုပ်ဖို့ အဲဒီနေရာမှာတင် ဆွေးနွေး ခဲ့ကြပါတယ်။

တရုတ်ရေတပ်က ဒုဗိုလ်မှူးကြီး ဝမ်ကျိရုံက “ကျနော်တို့ဟာ အရေးပေါ်စီမံချက်တွေကို ပူးတွဲရေးဆွဲပြီး နယ်မြေစစ်ဆေးခြင်းနဲ့ ဖမ်းယူခြင်းဆိုင်ရာ လေ့ကျင့်ရေး ပေါင်းစပ်လေ့ကျင့်မှုကို မလေးရှားဘက်ခြမ်းနဲ့ စီစဉ်ပေးခဲ့ပါတယ်။ ဒီပူးပေါင်းလေ့ကျင့်မှုမှာ နှစ်ဖက်အဖွဲ့ဝင်တွေကြား အဖွဲ့လိုက် နားလည်မှုကို မြှင့်တင်ခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ခဲ့ပြီး နောက်ဆက်တွဲ လေ့ကျင့်မှုတွေအတွက် အခြေခံအုတ်မြစ်ချခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

တိုက်ရိုက်စစ်ရေးလေ့ကျင့်မှုမှာ တရုတ်နဲ့ မလေးရှားစစ်တပ်တွေက တပ်ဖွဲ့ဝင်တွေ အများကြီး ပါပါတယ်။ တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း လေ့လာသူတွေ စေလွှတ်ဖို့ ဖိတ်ကြား ထားပါတယ်။ 

ဒီစစ်ရေးလေ့ကျင့်မှုဟာ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေး ခေါင်းစဉ်အောက်မှာ ခြောက်ကြိမ်မြောက် စစ်ရေးလေ့ကျင့်မှုပါ။ 

တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေကြား လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်သွားဖို့ ရည်ရွယ်ပြီး သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို ကာကွယ်ဖို့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ တရုတ်အစိုးရမီဒီယာ CCTV က ဖော်ပြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013