
ထိုင်ဝမ်ကို လက်နက်တပ်ဆင်ဖို့ အန္တရာယ်ရှိတဲ့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုကို တရုတ်အစိုးရက သတိပေးလိုက်ပြီး ဒီလုပ်ရပ်ဟာ အမေရိကန်အတွက် ကြီးလေးတဲ့ ကုန်ကျစရိတ် ဖြစ်လိမ့်မယ်လို့လည်း အောင်တိုဘာ ၁၇ ရက်က ပြောလိုက်ပါတယ်။
ထိုင်ဝမ်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့ စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံပါတဲ့ အမေရိကန်အောက်လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ အမျိုးသား ကာကွယ်ရေးဆိုင်ရာခွင့်ပြုချက် အက်ဥပဒေသစ်နဲ့ ပတ်သက်ပြီး တရုတ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်ဂန်းက ပြောလိုက်တာပါ။
တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ အပျက်သဘော ပြဋ္ဌာန်းချက်တွေဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်တာ၊ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေကို ထိခိုက်စေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတယ်လို့ကျန်းက ပြောပါတယ်။
ထိုင်ဝမ်အရေးဟာ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ ဖြတ်ကျော်လို့မရတဲ့ ပထမဆုံး အနီရောင်မျဉ်းပဲ၊ အမေရိကန်က ထိုင်ဝမ်ဖဲချပ်ကို ကစားရင်း မီးနဲ့ကစားနေတယ်၊ တရုတ်ရဲ့ ထိုင်ဝမ်ဒေသကို လက်နက်တပ်ဆင်ဖို့ ကြိုးစားတာဟာ အန္တရာယ်များမယ့် လောင်းကစားတခု ဖြစ်တယ်၊ ပြင်းထန်တဲ့ အကျိုးဆက်တွေ ရှိလာမှာဖြစ်သလို အမေရိကန်ကို အမှန်တကယ် ကုန်ကျစရိတ်များစေမှာလည်း ဖြစ်တယ်၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်တနိုင်ငံတည်း မူဝါဒနဲ့ တရုတ်-အမေရိကန် ပူးတွဲကြေညာချက်ကို ရိုးရိုးသားသားလိုက်နာဖို့ တိုက်တွန်းတယ်လို့ ကျန်းက ပြောထားပါတယ်။
ထိုင်ဝမ် လွတ်လပ်ရေးကို ထောက်ခံမှာ မဟုတ်ဘဲ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားစေဖို့ ခွဲထွက်ရေးသမားတွေဆီ မှားယွင်းတဲ့ အချက်ပြမှုတွေ ပေးပို့ခြင်းကနေ ရှောင်ကြဉ်မယ်ဆိုတဲ့ ကတိကို တည်ဖို့ကိုလည်း ကျန်းက တိုက်တွန်းပါတယ်။
Source: Reuters




