Home
နိုင်ငံတကာ
ဒေါ်လာ ၁၄ ဘီလီယံကျော် တန်ကြေးရှိသည့် ဘစ်ကွိုင်များကို အမေရိကန်သိမ်းဆည်း
DVB
·
October 15, 2025
Photo: REUTERS/Dado Ruvic/Illustration/File photo

လိမ်လည်မှုတွေနဲ့ Prince Group တည်ထောင်သူ ချန်ဇီကို ဖမ်းဆီးခဲ့ပြီး ဒေါ်လာ ၁၄ ဘီလီယံကျော် တန်ကြေးရှိတဲ့ ဘစ်ကွိုင်တွေကို အမေရိကန်အစိုးရက သိမ်းဆည်းခဲ့ပါတယ်။

ဒါဟာ ခရစ်ပတိုသမိုင်းတလျှောက် တန်ဖိုးအများဆုံး ဖမ်းဆည်းရမိမှုဖြစ်ပြီး ဘစ်ကွိုင် အရေအတွက် ၁၂၇,၂၇၁ ရှိတယ်လို့ အမေရိကန်က ဖော်ပြပါတယ်။

ဗြိတိန်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ခံယူထားတဲ့ ချန်ဇီဟာ အင်္ဂါနေ့က နယူးယော့က်မြို့မှာ ငွေကြေးခဝါချမှုနဲ့ အွန်လိုင်းလိမ်လည်မှုတွေ ပြုလုပ်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရတာပါ။

ချန်ရဲ့ လုပ်ငန်းတွေကိုလည်း ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့က စီးပွားရေးပိတ်ပင်တဲ့ ပြစ်ဒဏ် ချမှတ်ခဲ့ပါသေးတယ်။

ဗြိတိန်အစိုးရက ချန်ရဲ့ စီးပွားရေးနဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းထားတယ်လို့ ပြောထားပါတယ်။

ချန်ရဲ့ပိုင်ဆိုင်မှုတွေထဲမှာ လန်ဒန်မှာရှိတဲ့ အိမ် ၁၉ လုံးပါဝင်ကာ အဲဒီထဲက တလုံးဟာ ပေါင်သန်း ၁၀၀ နီးပါး တန်ကြေးရှိတယ်လို့ ဆိုပါတယ်။

ချန်ဟာ Prince Group ကုမ္ပဏီအောက်မှာ လုပ်ငန်းခွဲကုမ္ပဏီတွေ အမြောက်အမြားထားရှိပြီး ဆိုက်ဘာ လိမ်လည်မှုတွေကို နောက်ကွယ်ကနေ ကြိုးကိုင်သူအဖြစ် စွပ်စွဲထားတယ်လို့ အမေရိကန် တရားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကမ္ဘောဒီးယားအခြေစိုက် အဖွဲ့တွေကတော့ အဲဒီကုမ္ပဏီဟာ အိမ်ခြံမြေ၊ ဘဏ္ဍာရေးနဲ့ ကာစတန်မာတွေကို ဝန်ဆောင်မှုပေးနေတယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အမေရိကန်တရားရုံးက ဒီကုမ္ပဏီဟာ နိုင်ငံတကာမှာ ရုံးတွေဖွင့်ထားတဲ့ အာရှရဲ့ အကြီးဆုံး ရာဇဝတ်အဖွဲ့အစည်းကြီးလို့ စွပ်စွဲထားပါတယ်။

မလည်မဝယ် သားကောင်တွေကို အွန်လိုင်းကနေ ဆက်သွယ်ပြီး သတင်းအချက်အလက် အမှားတွေနဲ့ ရင်းနှီးမြှုပ်နှံပြီး အကျိုးအမြတ်တွေ ရမယ်ဆိုတဲ့ သွေးဆောင်မှုတွေနဲ့ ခရစ်ပတို ငွေကြေးတွေကို လိမ်လည်ရယူခဲ့တယ်လို့လည်း အမေရိကန်တရားရုံးက ပြောပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံတဝန်းမှာ နေရာ ၁၀ ခုထက်မနည်း လုပ်ငန်းတွေ တည်ဆောက်ထားပြီး လိမ်လည်မှုတွေ လုပ်နေတယ်လို့လည်း အစိုးရရှေ့နေတွေက စွပ်စွဲထားပါတယ်။ အဲဒီနေရာတွေကနေ အလိမ်ခံရမယ့် သားကောင်တွေကို ရှာဖွေဖို့ ချန်က စီစဉ်ထားတာပါ။

ချန်ရဲ့ ကြံရာပါတွေကလည်း သန်းနဲ့ချီတဲ့ ဖုန်းနံပါတ်တွေနဲ့ ဖုန်းတွေ အများကြီး တပ်ဆင်ထားကာ Call Centre အဖြစ် လုပ်ဆောင်ထားတယ်လို့ အောက်တိုဘာ ၈ ရက် နေ့စွဲပါ တရားရုံး ဖော်ပြချက်မှာ ပါဝင်ပါတယ်။

ဆိုရှယ်မီဒီယာအကောင့် ၇၆,၀၀၀ ဝန်းကျင်ကို ထိန်းချုပ်ထားပြီး လိမ်လည်မှုတွေ ပြုလုပ်နေကာ ဖုန်းအလုံးရေ ၁,၂၅၀ ကို ထိန်းချုပ် အသုံးပြုနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ချန်နဲ့ အပေါင်းအပါတွေဟာ တန်ဖိုးကြီးနာရီတွေ၊ ဂျက်လေယာဉ်တွေနဲ့ ပီကာဆိုရဲ့ ရှားပါးပန်းချီကား အပါအဝင် ရှားပါးအနုပညာလက်ရာတွေကို ဝယ်ယူလေ့ရှိတဲ့ အသုံးအဖြုန်းကြီးတဲ့သူတွေအဖြစ် ထင်ရှားတယ်လို့ တရားရုံးမှတ်တမ်းမှာ ဖော်ပြပါတယ်။

ချန်ဟာ ပြစ်မှုထင်ရှားပါက အများဆုံး ထောင်ဒဏ် နှစ် ၄၀ ကျခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013