Home
နိုင်ငံတကာ
အမေရိကန်၊ ကနေဒါနှင့် ပြင်သစ်က ပညာရှင် ၃ ဦး စီးပွားရေးနိုဘယ်လ်ဆုရ
DVB
·
October 14, 2025
Photo: Reuters

၂၀၂၅ ခုနှစ်အတွက် စီးပွားရေးသိပ္ပံဆိုင်ရာ နိုဘယ်လ်ဆုကို အမေရိကန်၊ ကနေဒါနဲ့ ပြင်သစ်က ပညာရှင် ၃ ယောက် ပူးတွဲရရှိသွားပါတယ်။

အောက်တိုဘာ ၁၃ ရက်က ဆွီဒင်မြို့တော် စတော့ခ်ဟုမ်းမှာ တော်ဝင်သိပ္ပံအကယ်ဒမီက စီပွားရေးသိပ္ပံ နိုဘယ်လ်ဆု ရရှိသူတွေကို ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် တက္ကသိုလ်ပါမောက္ခတွေ ဖြစ်ကြတဲ့ ဂျိုဝယ် မိုကာ၊ ဖိလိ(ပ်) အက်ဂီယွန်နဲ့ ပီတာ ဟောင်းဝစ်တ် တို့က “ဆန်းသစ်တီထွင်မှုကြောင့် ဖြစ်ပေါ်လာမယ့် စီးပွားရေးတိုးတက်မှုကို ရှင်းပြနိုင်ခဲ့တယ်” ဆိုပြီး ဖော်ပြထားပါတယ်။

အခုတခေါက် နိုဘယ်လ်ဆုရ ပညာရှင်တွေဟာ အသက် ၇၁ နှစ်အရွယ် နယ်သာလန်ဖွား အမေရိကန်နိုင်ငံသား မိုကာ၊ အသက် ၇၉ နှစ်အရွယ် ကနေဒါနိုင်ငံသား ဟောင်းဝစ်တ်နဲ့ အသက် ၆၉ နှစ်အရွယ် ပြင်သစ်ဖွား အက်ဂီယွန် တို့ပဲ ဖြစ်ပါတယ်။

အထူးသဖြင့် အက်ဂီယွန်နဲ့ ဟောင်းဝစ်တ်က “ဖန်တီးနိုင်စွမ်းအရ ပျက်စီးခြင်း” (Creative Destruction) ဆိုတဲ့ စီးပွားရေး သဘောတရားကို ပိုပြီးနားလည်အောင် ရှင်းပြပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ အကျိုးရှိတဲ့ ဆန်းသစ်တီထွင်မှု အသစ်တွေက ခေတ်နောက်ကျနေတဲ့ နည်းပညာနဲ့ လုပ်ငန်းတွေမှာ အစားထိုးဝင်ရောက်ပြီး ဖျက်ဆီးပစ်နိုင်တဲ့ လုပ်ငန်းစဉ်ကို ဆိုလိုတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့အပတ်တုန်းက ငြိမ်းချမ်းရေးနိုဘယ်လ်ဆု အပါအဝင် ဆေးပညာ၊ ရူပဗေဒ၊ ဓာတုဗေဒနဲ့ စာပေဆိုင်ရာ ဆုရရှိသူတွေကို အတည်ပြုခဲ့ပြီးနောက် စီးပွားသိပ္ပံဆုဟာ နောက်ဆုံးချီးမြှင့်မှု ဖြစ်ပါတယ်။

“ဆွီဒင်ဗဟိုဘဏ်ရဲ့ စီးပွားရေးသိပ္ပံဆု” အဖြစ် သိထားကြတဲ့ ဒီနိုဘယ်လ်ဆုဟာ မူရင်း ဆုအမျိုးအစား ၅ ခုမှာ မပါဝင်ပေမဲ့လည်း ဆုချီးမြှင့်ရေးစနစ်မှာတော့ ထည့်သွင်းလေ့ရှိပါတယ်။

သက်ဆိုင်ရာ နယ်ပယ်အလိုက် ချီးမြှင့်တဲ့ နိုဘယ်လ်ဆု အမျိုးအစား ၆ ခုထဲက ၄ ခုကို ပညာရှင် ၃ ယောက်စီ ပူးတွဲဆွတ်ခူးခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့လည်း တယောက်ချင်းစီအဖြစ် ဟန်ဂေရီ စာရေးဆရာကြီး လာစ်လို ခရာ့စ်နာဟော်ကိုင်းက စာပေဆုနဲ့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုက ငြိမ်းချမ်းဆုကို အသီးသီး ရရှိခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013