
ဘယ်လာရုစ်နိုင်ငံကနေ မိုးလေဝသ မိုးပျံပူဖောင်းတွေ ပျံသန်းဝင်ရောက်လာမှုကြောင့် လစ်သူယေးနီးယားနိုင်ငံရှိ ဗီးလ်နီးယပ်စ်နဲ့ ကားနာ့စ်လေဆိပ်တွေကို အောက်တိုဘာ ၂၄ ရက် ညပိုင်းက ပိတ်လိုက်ကြောင်း လစ်သူယေးနီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဒါဟာ အခုလအတွင်း တတိယမြောက် အနှောင့်အယှက်ဖြစ်ပြီး လေဆိပ် ၂ ခုရှိ လေယာဉ်အတက်အဆင်း ပိတ်ဆို့မှုကို ဒေသစံတော်ချိန် ၂၂ နာရီ အထိ ရပ်ဆိုင်းထားရတယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ကြေညာချက်ပါတယ်။
လစ်သူယေးနီးယားဝန်ကြီးချုပ် အင်ဂါရူဂျင်နီနေက “ဒီနေ့ညနေပိုင်းမှာ ဘယ်လာရုစ်မှ လစ်သူယေးနီးယားကို ခိုးသွင်းလိုက်တဲ့ မိုးလေဝသမိုးပျံပူဖောင်းအုပ်စုကြီးတခု ထပ်မံ လွှတ်တင်ခဲ့တာကြောင့် ဗီးလ်နီးယပ်စ်နဲ့ ကားနာ့စ် လေဆိပ်တွေကို ယာယီပိတ်ခိုင်းလိုက်ရတယ်” လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ပြောပါတယ်။
ဒီအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတော်နယ်ခြားစောင့်တပ်ဖွဲ့ဟာ ဘယ်လာရုစ်နဲ့ ထိစပ်နေတဲ့ ဆာလ်ချီနင်န်ကိုင်နဲ့ မဲဒီနင်ကိုင် နယ်စပ်ဖြတ်ကျော်ဂိတ်တွေကို နောက်နေ့ ၁၂ နာရီအထိ ပိတ်ထားလိုက် ပါတယ်။
ကိုပင်ဟေဂင်၊ မြူးနစ်ချ်နဲ့ ဘောလ်တစ်ဒေသရှိ လေဆိပ်တွေမှာ ဒရုန်းတွေ တွေ့ရှိမှုနဲ့ တခြား လေကြောင်းထိန်းချုပ်မှု ချိုးဖောက်မှုတွေကြောင့် လတ်တလော ရက်သတ္တပတ်တွေအတွင်းမှာ ဥရောပလေကြောင်း ခရီးစဉ်တွေဟာ အကြိမ်ကြိမ် ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။
ဘယ်လာရုစ်နိုင်ငံမှ တရားမဝင် စီးကရက်တွေကို တင်ဆောင်လာတဲ့ မှောင်ခိုပူဖောင်းတွေဟာ မြို့တော်ရဲ့ လေပိုင်နက်ထဲသို့ ဝင်ရောက်လာခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နဲ့ အခုတပတ် အင်္ဂါနေ့တို့မှာ ဗီလ်နီးယပ်စ်လေဆိပ်ကို ပိတ်လိုက်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံမှ မှောင်ခိုသမားတွေရဲ့ မိုးပျံပူဖောင်းတွေ ထပ်မံဝင်ရောက်လာပါက ဘောလ်တစ်နိုင်ငံဟာ ဘယ်လာရုစ်နဲ့ နယ်စပ်ကို ပိတ်ပစ်တော့မယ်လို့ လစ်သူယေးနီးယား ဝန်ကြီးချုပ်ကပြောပါတယ်။
Source:Reuters




