Home
နိုင်ငံတကာ
ဘယ်လာရုစ် မော်ဒယ် သူ့ဘာသာ မြန်မာပြည်ထွက်ခွာသွားခြင်းဖြစ်ဟု ထိုင်းလဝကပြော  
DVB
·
October 22, 2025

ဘယ်လာရုစ်မော်ဒယ်ဟာ ထိုင်းနိုင်ငံမှာ လူကုန်ကူးခံရတာမဟုတ်ဘဲ ထိုင်းလေဆိပ်ကနေ မြန်မာပြည်ကို  သူ့ဘာသာ ထွက်ခွာသွားတာဖြစ်တယ်လို့  ထိုင်းအာဏာပိုင်တွေက  ပြောကြား လိုက်ပါတယ်။

ခုရက်ပိုင်းတွင်း နိုင်ငံတကာနဲ့ ပြည်တွင်း လူမှုကွန်ရက်သတင်းတွေမှာ ဘယ်လာရုစ်နိုင်ငံက မော်ဒယ်နဲ့ အဆိုတော် အသက် ၂၆ နှစ်အရွယ်  ဗီရာ ခရက်ဗ်ဆိုဗာဟာ ထိုင်းနိုင်ငံမှာ လူကုန်ကူးခံရပြီး မြန်မာဘက်ခြမ်း ကျားဖြန့်ဂိုဏ်းမှာ နှိပ်စက်ခံရ၊ အတွင်းကလီစာတွေ ထုတ်ရောင်းခံရ၊ သတ်ဖြတ်ခံခဲ့ရတဲ့ သတင်းတွေ ရေးသားဖော်ပြနေတာတွေနဲ့ ပတ်သက်ပြီး ထိုင်းလဝကရဲတပ်ဖွဲ့ က ထုတ်ပြန်လိုက်တာပါ။

ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ချိန်းရွန်း ရိမ်းဖဒီက ဒီကိစ္စကို စုံစမ်းဖော်ထုတ်ဖို့ လဝကရဲချုပ်က ညွှန်ကြားထားတယ်၊ သူရဲ့ခရီးစဉ်တွေကို ပြန်လည်စစ်ဆေးတာမှာ ပြီးခဲ့တဲ့လ စက်တင်ဘာ ၁၂ ရက် ညက တရုတ်ပြည် ဟိုင်နန်လေဆိပ်ကနေ ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်ကို သန်းခေါင်ကျော် ၁၂ နာရီ ၄၁ မိနစ်မှာ ကမ္ဘာလှည့်ခရီးသွား အလည်အပတ်ဗီဇာနဲ့ တယောက်တည်း ဆိုက်ရောက်လာတယ်၊ လတ်ဖလောဝ့်နယ်မြေရှိ ဟိုတယ်တခုမှာ တည်းခိုတယ်၊ ဟိုတယ်မှာ တရက်ပြီးမှ တရက်စာသာ တည်းခိုဖို့ အခန်းယူတယ်၊ ဟိုတယ်မှာ တည်းခိုစဉ် တယောက်တည်းသာ ပုံမှန် ဝင်ထွက်သွားလာတယ်လို့ ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက် မနက် ၇ နာရီ မိနစ် ၂၀ မှာတော့ သုဝဏ္ဏဘူမိလေဆိပ်ကနေ ထိုင်းအဲယားဝေးလေယာဉ် TG 301 နဲ့ မြန်မာပြည် ရန်ကုန်လေဆိပ်ကို ထွက်ခွာသွားတယ်၊ သုဝဏ္ဏဘူမိလေဆိပ်မှာ အဝင်အထွက်လုပ်တဲ့ ခရီးသည်တွေကို ဘိုင်အိုမက်ထရစ်စနစ်နဲ့ စစ်ဆေးတာကြောင့်  သူဟာ ဗီရာ ခရက်ဗ်ဆိုဗာ ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်တယ်လို့ဆိုပါတယ်။

လဝက စစ်ဆေးရေးဂိတ်ကိုတော့ ABC လို့ခေါ်တဲ့ Automatic Channel စနစ်နဲ့ သူ့ဘာသာ အစစ်ခံတာကြောင့် တာဝန်ရှိသူတွေနဲ့ လူချင်းတွေ့စစ်ဆေးဖို့ မလိုဘူး၊ မြန်မာပြည်ကို ထွက်ခွာစဉ် သူ့ဘေးမှာ အကြပ်ကိုင်မယ့်သူ တစုံတယောက်မရှိဘူး၊ သူ့ဘာသာ လွတ်လပ်စွာသွားလာတယ်၊ ဒါကြောင့် ထိုင်းမှာ အလိမ်ခံရတာ လူကုန်ကူးခံရတာ မဟုတ်ဘူး၊ မြန်မာပြည်ကို ထွက်ခွာသွားတဲ့နောက် ဘာတွေဆက်ဖြစ်သလဲ ဆိုတာတော့ မိမိနိုင်ငံရဲ့ အချုပ်အခြာပြင်ပကို ‌ရောက်သွားပြီဖြစ်တာကြောင့် အဲဒီကအခြေအနေတွေ မသိနိုင်ဘူးလို့ ရဲမှူးချုပ်က ပြောပါတယ်။

ဒီမတိုင်ခင် မစ္စဗီရာ ပျောက်ဆုံးနေလို့ စုံစမ်းရှာဖွေပေးဖို့ ထိုင်းအခြေစိုက် ဘယ်လာရုစ် ကောင်စစ်ဝန်ရုံးက အကြောင်းကြားလာတာကြောင့် သူ့ခရီးစဉ်နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ၊ ဗွီဒီယိုဖိုင်တွေကိုလည်း ဘယ်လာရုစ် ကောင်စစ်ဝန်ရုံးကို ပို့ပေးလိုက်ပြီလို့ ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ လူကုန်ကူးမှု၊ လိမ်လည်ဖြားယောင်းမှုတွေ ကာကွယ်ဖို့ TDAC ဆိုတဲ့စနစ်နဲ့ လေဆိပ်ကနေ ဝင်ရောက်လာသူတွေကိုရော နယ်စပ် တာ့ခ်ခရိုင်ထဲ ဝင်ရောက်မယ့်သူတွေကိုပါ ကိုယ်ရေးအချက်အလက်တွေ သေချာစစ်ဆေးတယ်၊ ဖရီးဗီဇာနဲ့ ဝင်ရောက်လာပြီး လူကုန်ကူးခံရနိုင်ဖွယ်ရှိသူ၊ လုပ်ငန်းစဉ်နဲ့ ပတ်သက်ဖွယ် ရှိတယ်လို့ သံသယရှိသူတွေကို နိုင်ငံထဲ အဝင်မခံဘဲ ပြန်လွှတ်တာမှာ TDAC စနစ် စတင်ကတည်းက ဒီကနေ့ထိ လူပေါင်း ၃၄,၀၀၀ ယောက်ကို ပြည်ဝင်ခွင့် ငြင်းပယ်ခဲ့တယ်လို့ ထိုင်းလဝကရဲမှူးကြီးက ပြောသွားပါတယ်။

Source: NBT Connext / Thai News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013