
ရုရှားနဲ့ ဘယ်လာရုစ်တို့ဟာ ဘောလ်တစ်နဲ့ ဘာရန့်ပင်လယ်ပြင်တို့မှာ စစ်ရေးလေ့ကျင့်မှုတွေ ဆက်လုပ်နေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
တင့်ကားတွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ ဒုံးကျည်တွေ သုံးရင်း ရုရှားနဲ့ ဘယ်လာရုစ်တို့ဟာ "Zapad-2025" လို့အမည်ပေးထားတဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ ရှေ့တန်းမှာ စတင်ခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ ရုရှားနဲ့ မဟာမိတ်တွေရဲ့ အင်အားပြသမှုလည်း ဖြစ်ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲအတွင်း သံသယဖြစ်စရာကောင်းတဲ့ မောင်းသူမဲ့ လေယာဉ်တွေ ပိုလန်လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာခဲ့လို့ ပစ်ချခဲ့တယ်လို့ ပိုလန်က အခိုင်အမာ ပြောပါတယ်။
ရုရှားကတော့ ပိုလန်ရဲ့ စွပ်စွဲချက်တွေကို ယုံတမ်းစကားတခုအဖြစ် ပယ်ချခဲ့ပေမဲ့ အဆိုးရွားဆုံး အခြေအနေက အမှန်တကယ် ဖြစ်လာနိုင်လို့ ဥရောပက စိုးရိမ်နေပါတယ်။
ဒါပေမဲ့ ရုရှားရဲ့ မောင်းသူမဲ့ လေယာဉ်တွေကို ပစ်မချခင်တည်းက "Zapad-2025" စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ဖို့ ကောင်းကောင်း စီစဉ်ထားပြီးသားပါ။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်က တပ်မှူးတွေနဲ့ ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှု၊ ပူးပေါင်းဆောင်ရွက်မှုအဆင့်နဲ့ ဒေသတွင်းနဲ့ မဟာမိတ် တပ်ဖွဲ့တွေကို လေ့ကျင့်ရေးကွင်းမှာ မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်" လို့ တယ်လီဂရမ်မှာ ပြောပါတယ်။
ပိုလန်နယ်စပ်အနား အပါအဝင် စစ်ရေးလေ့ကျင့်မှုဟာ တခြားဘယ်နိုင်ငံကိုမှ မရည်ရွယ်ဘူးလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က စက်တင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
ရုရှားက ဘယ်လာရုစ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်နေချိန်မှာ ပိုလန်က သူ့ နယ်စပ်တွေကို ပိတ်ထားပါတယ်။
Source: Reuters