
ရုရှားကို ပိတ်ဆို့မှုအသစ်တွေ ပြုလုပ်ဖို့ ပြင်ဆင်နေပြီး ယူကရိန်းကို စစ်ရေးနဲ့ ဘဏ္ဍာရေး ထောက်ပံ့မှုတွေ တိုးမြှင့်လုပ်ဆောင်မှာဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ပြောပါတယ်။
ဥရောပပါလီမန် နှစ်ပတ်လည်မိန့်ခွန်းမှာ ရုရှားကို ပိတ်ဆို့ဒဏ်ခတ်မှု ၁၉ ခု ပြုလုပ်မယ်လို့ ထည့်သွင်းပြောဆိုခဲ့တာပါ။
အဲဒီပိတ်ဆို့ဒဏ်ခတ်မှုထဲမှာ ရုရှားရဲ့ ရေနံတင်ပို့မှု အပါအဝင် ရုရှားသင်္ဘောတွေကိုလည်း နှိမ်နင်းမယ်လို့ ပြောပါတယ်။
ဗွန်ဒါလေယန်ရဲ့ ပြောဆိုချက်ထဲမှာ EU ဟာ ယူကရိန်းကို စစ်ရေးနဲ့ ဘဏ္ဍာရေး ယူရို ၁၇၀ ဘီလီယံနီးပါး ထောက်ပံ့ပေးခဲ့ကြောင်း ပါဝင်ပါတယ်။
ယူကရိန်းကို ထောက်ပံ့တဲ့ ဘဏ္ဍာငွေအစီအစဉ် အများစုဟာ ဥရောပရှိ ရုရှားရဲ့ ငွေကြေးတွေကို စစ်လျော်ကြေး ချေးငွေပုံစံနဲ့ ပေးထားတာဖြစ်ပါတယ်။
ဒါ့အပြင် ဗွန်ဒါလေယန်က ဒရုန်းမဟာမိတ်အဖွဲ့ကို ဖန်တီးမယ်လို့ ကြေညာထားပြီး စစ်မြေပြင်မှာ ယူကရိန်းကို ကူညီမှာဖြစ်သလို ရုရှားတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်မယ့် Eastern Flank Watch စနစ်ကို ပြုလုပ်မယ်လို့လည်း ကြေညာခဲ့ပါတယ်။
နောက်ပိုင်းမှာ အာကာသစောင့်ကြည့်မှုတွေအတွက် ရင်းနှီးမြှုပ်နှံဖို့ ပါဝင်ပြီး ဥရောပရဲ့ အရှေ့ဘက်နယ်စပ်တလျှောက်မှာ ဒရုန်းနံရံကို တည်ဆောက်မယ့်ကိစ္စတွေလည်း ပါဝင်ပါတယ််
ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းကို ကျူးကျော်စစ် စတင်ဆင်နွှဲခဲ့တာဖြစ်ပြီး ဥရောပက ၂၀၂၂ ခုနှစ် မေလမှာ ရုရှားရေနံတင်ပို့မှုတွေကို စတင်ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဥရောပဟာ ကျူးကျော်စစ်စခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ရုရှားကို ကုန်တင်ပို့မှု ယူရို ၄၃ ဒသမ ၉ ဘီလီယံနဲ့ ရုရှားကနေ ဥရောပကို ကုန်တင်ပို့မှု ယူရို ၉၁ ဒသမ ၂ ဘီလီယံ တန်ကြေးရှိတဲ့ ကုန်သွယ်မှုတွေ အားလုံးကို ရပ်တန့်ခဲ့တဲ့ ပိတ်ဆို့မှုပြစ်ဒဏ် စတင်ခဲ့တာပါ။
ဒါ့အပြင် ရုရှားပိုင်ဆိုင်တဲ့ ဒေါ်လာ ၃၀၀ ဘီလီယံကို ဥရောပက ထိန်းချုပ်ခဲ့ပြီး စစ်ပွဲပြီးပါက ယူကရိန်းနိုင်ငံရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။
၂၀၂၄ ခုနှစ်မှာ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဆီ နာဗာနီ သေဆုံးမှုနဲ့ပတ်သက်ပြီး လူ ၃၃ ယောက်ကို အမည်ပျက်စာရင်း တင်သွင်းခဲ့ပြီး ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
Source: Reuters