
ရုရှားက ယူကရိန်းကို မကြာသေးမီက မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်တာနဲ့ ပိုလန်လေပိုင်နက်ကို ချိုးဖောက်တာဟာ သိသာထင်ရှားတဲ့ ရန်စမှုတခုလို့ ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ် ငြိမ်းချမ်းရေး သုတေသနဌာနက သုတေသီ ဆာရှာ ဟာခ်က စက်တင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။
စစ်ရေးတင်းမာမှုတွေ မပြင်းထန်လာဘဲနဲ့ မတုံ့ပြန်ဖို့ NATO နဲ့ အမေရိကန်တို့ကိုလည်း ဖိအားပေးထားပါတယ်။
သူက အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်းမှာ တပြိုင်နက်တည်း အကျပ်အတည်းတွေဖြစ်နေတဲ့ စိန်ခေါ်မှုတွေကို အလေးပေးပြောကြားခဲ့ပြီး မဟာမိတ်တွေကို လုံလောက်အောင် မထောက်ပံ့ရင် အမေရိကန်ရဲ့ ယုံကြည်စိတ်ချရမှုက အန္တရာယ်ရှိနိုင်တယ်လို့ သူက မှတ်ချက်ပေး ပြောဆိုပါတယ်။
ဒါပေမဲ့ NATO ရဲ့ ပုဒ်မ ၅ အရ ချက်ချင်း စစ်ရေးအရ အရေးယူဖို့ ဖြစ်နိုင်ခြေကို ငြင်းဆိုခဲ့ပြီး အဲဒီအစား ပိုလန်ရဲ့ ပုဒ်မ ၄ အရ ညှိနှိုင်းဖို့ တောင်းဆိုချက်ကို ကိုးကား ပယ်ချခဲ့ပါတယ်။
ဥရောပသမဂ္ဂ EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာဂျာ ကားလက်စ်က “မနေ့ညက ပိုလန်မှာ ရုရှားက စစ်ပွဲစကတည်းက ဥရောပလေပိုင်နက်ကို အဆိုးရွားဆုံး ချိုးဖောက်တာကို တွေ့ခဲ့ရပြီး ဒါဟာ မတော်တဆမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိလုပ်တယ်ဆိုတာ ညွှန်ပြနေပါတယ်။ ယူကရိန်းအတွက် အထောက်အပံ့တွေ အားကောင်းအောင်၊ ဥရောပရဲ့ ကာကွယ်ရေးမှာ ရင်းနှီးမြှုပ်နှံရမယ်” လို့ အမေရိကန် လူမှုမီဒီယာစာမျက်နှာ X မှာ ရေးသားခဲ့ပါတယ်။
အရှေ့ပိုင်းနယ်ခြားဒိုင်း ကာကွယ်ရေးလိုင်းလို အစုအဝေး လုပ်ဆောင်ချက်တွေကို ပံ့ပိုးပေးမယ်လို့ သူက ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ NATO ရဲ့ အတွင်းရေးမှူးချုပ် မာ့ခ်ရူတေက ပိုလန်နိုင်ငံနဲ့ နီးနီးကပ်ကပ် ဆက်သွယ်နေတယ်လို့ NATO ပြောခွင့်ရသူက X မှာ ရေးသားခဲ့ပါတယ်။
NATO ပြောခွင့်ရက “ပိုလန်လေပိုင်နက်ကို ရုရှားက ချိုးဖောက်တာ လက်ခံနိုင်စရာ မရှိပါဘူး။ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ပွဲက ဥရောပတခုလုံးရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်။ ပိုလန်ကို NATO မဟာမိတ်နဲ့ EU အဖွဲ့ဝင်နိုင်ငံအဖြစ် ကျနော်တို့ အပြည့်အဝ ထောက်ခံပါတယ်။ ဆွီဒင်နဲ့ ပိုလန်တို့က စည်းစည်းလုံးလုံး ရပ်တည်နေပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး မာရီယာနဲ့ ဆက်သွယ်နေပါတယ်” လို့ ပြောပါတယ်။
နော်ဝေ နိုင်ငံခြားရေး၀န်ကြီး အဲ့စ်ပန်ဘာ့သ်အိုင်ဒန်ကလည်း ချိုးဖောက်မှုတွေကို လုံးဝ လက်မခံနိုင်ဘူးလို့ လေးလေးနက်နက် ပြောပါတယ်။
“နော်ဝေဟာ မဟာမိတ် ပိုလန်အတွက် ခိုင်မာတဲ့ ထောက်ခံမှုနဲ့ ဥရောပလုံခြုံရေးအတွက် တူညီတဲ့ ကတိကဝတ်ကို ထပ်အတည်ပြုတယ်” လို့ သူက X မှာ ရေးသားပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက ရုရှားရဲ့ ချိုးဖောက်မှုတွေကို ရှုတ်ချခဲ့ပြီး လက်ခံနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။
“ဒီလို မဆင်မခြင် တိုးမြင့်လာမှုကို အဆုံးသတ်ဖို့ ရုရှားကို ကျနော် တောင်းဆိုပါတယ်။ မဟာမိတ်တွေရဲ့ လုံခြုံရေးကို အလျှော့ပေးမှာ မဟုတ်ပါဘူး” လို့ မက်ခွန်းက ပြောခဲ့ပါတယ်။
ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် ဘာ့တ်ဒဗေဗာက ပူတင်ဟာ ငြိမ်းချမ်းရေးကို၊ အပစ်အခတ်ရပ်စဲရေးကို စိတ်မဝင်စားဘူးဆိုတာ ရှင်းပါတယ်။
တခုတည်းသော တုံ့ပြန်မှုက ယူကရိန်းကို ပိုထောက်ခံပြီး ရုရှားရဲ့ စီးပွားရေးကို အတတ်နိုင်ဆုံး ဆုတ်ယုတ်အောင် ကြိုးစားဖို့ပါပဲလို့ ပြောပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးရဲ့ သမ္မတရုံးအကြီးအကဲ အကြံပေး မိုင်ခေးလို ပိုဒိုလျက်ခ်က ရုရှားဟာ အနောက်နိုင်ငံတွေရဲ့ ကာကွယ်ရေးကို “သတိရှိရှိ မဟာဗျူဟာ” နဲ့ စမ်းသပ်နေတယ်ဆိုတဲ့ အချက်ကို သဘောတူခဲ့ပါတယ်။
Source: Reuters