Home
မြန်မာသတင်း
မြန်မာစစ်တပ်၏ ဓာတုလက်နက်အသုံးပြုမှု စောင့်ကြည့်အရေးယူရန် သံအမတ်ကြီး တောင်းဆို  
DVB
·
October 24, 2025
Photo: Permanent Mission of Myanmar to the United Nations

မြန်မာနိုင်ငံမှာ ဓာတုလက်နက် အသုံးပြုမှုအခြေအနေကို စောင့်ကြည့်ဖို့နဲ့ စစ်အုပ်စုအပေါ် ကြိုတင်ကာကွယ်ရေး အစီအမံတွေချမှတ်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောကြားလိုက်ပါတယ်။ 

အောက်တိုဘာ ၂၂ ရက်က နယူးယောက်မြို့မှာကျင်းပတဲ့ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနဲ့ နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ)ရဲ့  တခြားအဖျက်စွမ်းအားပြင်းလက်နက်များ ဘာသာရပ်မူဝါဒရေးရာ ဆွေးနွေးမှု အစီအစဉ်မှာ မြန်မာသံအမတ်ကြီးက မိန့်ခွန်းပြောကြားစဉ် ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံမှာ တရားမဝင်စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဖက်-အရပ်ဖက် ၂ မျိုးသုံး စက်မှုဓာတုပစ္စည်းတွေကို အလွယ်တကူပင် အလွဲသုံးစားပြုခဲ့တဲ့အကြောင်း၊ စစ်အုပ်စုက စီစဉ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲဟာ စစ်တပ်က အရပ်သားတွေ အပေါ် ဓာတုလက်နက်တွေ အသုံးပြုတာ အပါအဝင် ရက်စက်ကြမ်းကြုတ်မှုများစွာအတွက် အပြစ်ပေး မခံရတဲ့အပြင် ဆက်လက်ကျူးလွန်နိုင်ရေး ခွင့်ပြုချက်ကို ပေးမှာဖြစ်လို့  အလိမ်အညာရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ငြင်းပယ်ကန့်ကွက်ဖို့  နိုင်ငံတကာအသိုက်အဝန်းကို သံအမတ်ကြီးက တိုက်တွန်းပါတယ်။ 

စစ်တပ်ဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေက မြန်မာနိုင်ငံအလယ်ပိုင်းတောင်ဘက်မှာ ဓာတုလက်နက်ထုတ်လုပ်ရေး စက်ရုံတခု လည်ပတ်ခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်မှာလည်း မြန်မာနိုင်ငံအလယ်ပိုင်းမှာ တခြားစက်ရုံ တခုကို ထပ်မံတည်ဆောက်ခဲ့ကြောင်း၊ ပထမစက်ရုံက Annex I ပါ ဓာတုပစ္စည်း တမျိုးဖြစ်တဲ့ sulfur mustards ကို ထုတ်လုပ်ခဲ့ကြောင်း ဒါပေမဲ့ ဒီအစီအစဉ်ကို စစ်တပ်က တခါမျှ ကြေညာခဲ့ဖူးခြင်းမရှိဘဲ CWC ရဲ့ တာဝန် ဝတ္တရားတွေကို ချိုးဖောက်ခဲ့တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

စစ်အာဏာ မသိမ်းမီကပင် စစ်တပ်က ဓာတုပစ္စည်းတွေအသုံးပြုတယ်လို့ သံသယဖြစ်ဖွယ် သတင်းတွေထွက်ပေါ်ခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ရာဒေသမှာ ပြင်းအားမြင့် မျက်ရည်ယိုဗုံး၊ white phosphorus နှင့်  aluminum phosphide အပါအဝင် ဓာတုပစ္စည်းတွေကို ကြဲဖြန့်ခဲ့ပြီးနောက် အသက်ရှူ လမ်းကြောင်းဆိုင်ရာပြဿနာ rapid necrosis နဲ့ ပျို့အန်တာ စတဲ့ လက္ခဏာတွေ ခံစားခဲ့ရတဲ့ မှတ်တမ်းတွေရှိတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဇီဝနှင့် ဓာတုလက်နက်များဆိုင်ရာစံနှုန်းများကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ထပ်လောင်း ကတိကဝတ်ပြုကြောင်း၊ ဓာတုလက်နက် အသုံးပြုတာကို မြန်မာနိုင်ငံအနေနဲ့ ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ အသုံးပြုခဲ့သူတွေကို တာဝန်ခံမှုရှိစေဖို့ ဆောင်ရွက်ရမယ်လို့ သံအမတ်ကြီး ကတိပြုသွားပါတယ်။

စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေကို တိုက်ခိုက်တဲ့အခါ ဓာတုဗုံးလို့ ယူဆရတဲ့ သာမာန်မဟုတ်တဲ့ဗုံးတွေကို သုံးစွဲနေတာနဲ့ပတ်သက်ပြီး DVB က စုဆောင်းထားတဲ့ သတင်း အချက်အလက်တွေ အရ သိရပါတယ်။

စစ်တပ်က ဓာတုလက်နက်တွေကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက သုံးစွဲလာတာဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ လေကြောင်းကနေ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်လာပြီး ဓာတုဗုံးသုံးတယ်ဆိုတဲ့ သတင်းတွေလည်း ပိုပြီး ထွက်ပေါ်လာတာပါ။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၉ ရက်ကနေ ၂၁ ရက်အထိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ ဓာတုဗုံးလို့ ယူဆရတဲ့ ဗုံးတွေပါ အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် မြို့တွင်းနေရာတချို့ကို စွန့်ခွာလိုက်ရပြီး ဒါက သမားရိုးကျစစ်ပွဲ မဟုတ်တော့ဘူးလို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း စစ်ကောင်စီတပ်ဟာ လောက်ကိုင်ဒေသ၊ တာရွှေထန်ကို အဆိပ်သင့်ဓာတုဗုံး အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အရပ်သား ၁၀ ယောက် အဆိပ်သင့်ပြီး ကလေးငယ် ၂ ယောက် သေဆုံးခဲ့ရတယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဒီဇင်ဘာ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အဆိပ်ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရတဲ့နေရာက ဒေသခံတွေကို MNDAA က သွားရောက်ကယ်ဆယ် ခေါ်ဆောင်ခဲ့ပြီး ဒေသခံတွေကို မေးမြန်းပြောဆိုထားတဲ့ ဗွီဒီယိုတခုကိုလည်း MNDAA က ထုတ်ပြန်ထားတာပါ။

ဗုံးက အငွေ့ကို ရှူပြီးနောက်မှာ မူးဝေတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူကြပ်တာ၊ ဝမ်းလျှောတာ၊ အန်တာတွေဖြစ်ပြီး နားထဲက သွေးထွက်သူရှိသလို အမျိုးသမီး တယောက်ကတော့ ဖြစ်ကာစ သတိရှိနေတုန်းမှာ ခြေတွေလက်တွေ မသယ်နိုင်တော့ဘဲ အားယူထကြည့်ပေမဲ့ ပစ်လဲသွားတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်နဲ့ သိန္နီမြို့နယ်၊ ကရင်ပြည်နယ်နဲ့ ကရင်နီပြည်တို့မှာ ဓာတုဗုံးနဲ့ တိုက်ခိုက်တယ်လို့ သက်ဆိုင်ရာ တော်လှန်ရေး တပ်တွေက ပြောဆိုထားသလို ချင်းပြည်နယ်မှာလည်း ဓာတုဗုံး အသုံးပြုခဲ့တယ်လို့ ချင်းပြည် ကာကွယ်ရေးတပ် တာဝန်ရှိသူတွေက ဆိုပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ ဓာတုဓာတ်ငွေ့ပါတဲ့ ဗုံးတွေ တိုက်ခိုက်ခဲ့သလို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက် လားရှိုးမြို့နယ်ထဲက မိုင်းကျပ်တပ်စခန်း၊ နိုဝင်ဘာ ၁၈ ရက်မှာ နမ့်ခမ်းမြို့က စခန်းသစ်ကုန်း၊ နိုဝင်ဘာ ၂၃ ရက်မှာတော့ သိန္နီမြို့နယ်က နမ့်စလပ် တောင်ကုန်းတို့မှာ စစ်တပ်က ဓာတုဗုံးလို့ယူဆရတဲ့လက်နက်တွေ အသုံးပြုခဲ့ကြောင်း ‌AA၊ TNLA နဲ့ MNDA‌ တို့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အဆိပ်ဓာတုဗုံးတွေ သုံးစွဲနေတယ်လို့ ထိခိုက်တဲ့ လက္ခဏာတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့‌ တော်တော်များများက ထုတ်ပြန်ပြောဆိုထားပေမဲ့ အခုအချိန်အထိတော့ ဘယ်လိုအမျိုးအစား ဖြစ်တယ်ဆိုတာ အတည်ပြုလို့ မရသေးပါဘူး။

အောက်တိုဘာ ၂၃ ရက်ကလည်း ကုလသမဂ္ဂမှာ မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး ဆွေးနွေး မှုအစီအစဉ်မှာလည်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံဟာ လက်ရှိမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ကမ္ဘာပေါ်မှာ သေဆုံးမှုအများဆုံးဖြစ်ပွားရာ နိုင်ငံအဖြစ်သို့ ဝမ်းနည်းဖွယ် ရောက်ရှိနေပြီလို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က အရပ်သားတွေ၊ ကလေးငယ်တွေ အပါအဝင် ပြည်သူတွေကို လူသားဒိုင်းတွေအဖြစ် အသုံးပြုကာ မိုင်းကွင်းတွေထဲမှာ အတင်းအကျပ် ဖြတ်လျှောက်စေခိုင်းတာတွေရှိနေပြီး ဒီလုပ်ရပ်တွေဟာ ဂျီနီဗာကွန်ဗင်းရှင်းကို ပြင်းထန်စွာ ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)ရဲ့ အဆိုအရ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အရပ်သားပြည်သူ သေဆုံးသူ ၁,၀၈၂ ယောက်အထိ ရှိခဲ့ပြီး၊ နှစ်အလိုက်မှတ်တမ်းတွေမှာ စုစုပေါင်းအများဆုံး အရေအတွက်ဖြစ်တယ်လို့ဆိုပါတယ်။

စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို မြန်မာကလေးငယ်တွေက အဆိုးရွားဆုံး ခံစားနေရပြီး ၂၀၂၄ ခုနှစ် တနှစ်တည်းမှာပဲ ကလေးငယ် ၈၀၀ ကျော် သေဆုံး/ဒဏ်ရာရရှိခဲ့ကာ ဒီအထဲက ၃၀၀ လောက်ဟာ မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကြွင်းစစ်ကျန်များကြောင့်ဖြစ်ပြီး ဒီအရေအတွက်ဟာ ကမ္ဘာပေါ် ရှိမြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုတွေထဲမှာ  အမြင့်ဆုံးစာရင်းဖြစ်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့  စစ်အုပ်စုကို ဘဏ္ဍာရေးနဲ့ စစ်ရေးအကူအညီ ပေးနေတာ ချက်ချင်းရပ်တန့်ဖို့နဲ့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ခံရသူတွေကို  ကူညီပံ့ပိုးပေးဖို့ မြန်မာသံအမတ်ကြီးက တိုက်တွန်းပြောသွားပါတယ်။ 

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေကို စစ်ကောင်စီတပ်တွေသာမက တိုင်းရင်းသားလက်နက်ကိုင် တပ်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကလည်း အသုံးပြုနေတာရှိပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013