
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ခရီးစဉ်တွင် ကြီးမားသည့် စီမံကိန်းများ ဖြစ်သည့် ယူနန်မှ မြန်မာနိုင်ငံအလယ်ပိုင်းသို့ ရထားလမ်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်၊ တရုတ် ရင်းနှီးမြှုပ်နှံသူများအတွက် အာမခံချက်များ ပါဝင်သည့် စီးပွားရေးအစီအစဉ်များကို တရုတ်ထံ တင်ပြခဲ့သည်။
အပေါ်ယံအားဖြင့် ၎င်းသည် “ဖွံ့ဖြိုးတိုးတက်ရေး” နှင့် “အလုပ်အကိုင်များ”ဟု အသံကောင်းဟစ်နေသည်။ သို့သော် အလားတူ တရုတ် ကျောထောက်နောက်ခံပြု စီမံကိန်းများဖြစ်သည့် လာအိုနှင့် ကမ္ဘောဒီးယားတို့တွင် ဖြစ်ပျက်ခဲ့သည်များကို ကြည့်ပါက အန္တရာယ်ရှိသောပုံစံကို တွေ့ရသည်။ ခေါင်ခိုက်နေသည့် အကြွေးများ၊ အဓိကပိုင်ဆိုင်မှုများအပေါ် ထိန်းချုပ်မှု ဆုံးရှုံးခြင်းနှင့် နိုင်ငံခြား သြဇာလွှမ်းမိုးမှု တိုးပွားလာခြင်း တို့ဖြစ်သည်။
ခရီးစဉ်နှင့် တင်ပြချက်
မင်းအောင်လှိုင်သည် ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပရန်စီစဉ်ထားသော ရွေးကောက်ပွဲမတိုင်မီ အင်အားပြသနိုင်ရန်အတွက် ဒေသတွင်း ထိပ်သီးအစည်းအဝေးတခုတွင် စီမံကိန်း သဘောတူညီချက်များ ရရှိရန် မျှော်လင့်ကာ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။
အဓိကတောင်းဆိုချက် ၃ ခုမှာ-
၁။ တရုတ်နိုင်ငံကို မြန်မာနိုင်ငံမှတဆင့် ဘင်္ဂလားပင်လယ်အော်သို့ ချိတ်ဆက်မည့် ရထားလမ်းများ။
၂။ ကျောက်ဖြူဆိပ်ကမ်းနှင့် အနီးရှိ အထူးစီးပွားရေးဇုန်ကို တိုးချဲ့ရေး။
၃။ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကြားမှပင် ဤစီမံကိန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန် တရုတ်ဘက်က ငွေကြေးအာမခံချက်နှင့် လုံခြုံရေးအကူအညီများ တောင်းဆိုခြင်းတို့ ဖြစ်သည်။
စစ်တပ်အတွက် ဤစီမံကိန်းများသည် ဆောက်လုပ်ရေးလုပ်ငန်းများထက် ပိုသည်။
စစ်အုပ်စုသည် နိုင်ငံရေးအရ အသက်ဆက်ရန် အသက်ရှူလမ်းကြောင်းသဖွယ် ဖြစ်ပြီး၊ တနိုင်ငံလုံးတွင် တိုက်ပွဲများ ဖြစ်ပွားနေချိန်၌ပင် “ကြည့်ပါ၊ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်နေပါတယ်” ဟု ပြောဆိုနိုင်မည့် နည်းလမ်းတခုလည်း ဖြစ်သည်။
တရုတ်အတွက်မူ အကျိုးအမြတ်မှာ ထင်ရှားသည်။ ပြည့်ကျပ်နေသော မလက္ကာရေလက်ကြားကို ရှောင်ကွင်းပြီး အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်လမ်းကြောင်းတခု ရရှိခြင်းပင် ဖြစ်သည်။
သို့သော် သမိုင်းက ကျွန်ုပ်တို့ကို ပြောပြနေသည်မှာ ထိုကဲ့သို့သော သဘောတူညီချက်များသည် လမ်းများနှင့် ဆိပ်ကမ်းများအကြောင်းသက်သက်သာ မဟုတ်ဘဲ၊ ပမာဏများပြားလှတဲ့ အကြွေးများနှင့် တွဲဖက်ပါလာတတ်သည်။
လာအိုမှ သင်ခန်းစာ၊
ချည်နှောင်ထားသည့် အကြွေး၊
လာအိုကို ဥပမာယူပါ။
၂၀၂၁ ခုနှစ်တွင် လာအိုနိုင်ငံသည် အမေရိကန်ဒေါ်လာ ၆ ဘီလီယံတန်ဖိုးရှိ ရထားလမ်းကို ဖွင့်လှစ်ခဲ့ပြီး နယ်စပ်ကို တရုတ်နှင့် မြို့တော်ဗီယင်ကျန်းသို့ ချိတ်ဆက်ခဲ့သည်။
ထိုစီမံကိန်းကို တရုတ်ချေးငွေများဖြင့် အဓိက ရန်ပုံငွေထောက်ပံ့ခဲ့သည်။ ပြဿနာက အစိုးရ မျှော်လင့်ထားသလောက် ရထားများက ငွေရှာမပေးနိုင်ခြင်းပင်။ ခရီးသည်အရေအတွက်နှင့် ကုန်စည်ပို့ဆောင်ရေးမှ ဝင်ငွေများ နည်းပါးနေချိန်တွင် အကြွေးပြန်ဆပ်ရမည့်ပမာဏက ပုံလာသည်။
ယနေ့တွင် လာအိုသည် အကြွေးပင်လယ်ထဲတွင် နစ်မြုပ်နေသည်။ ဖိအားကို လျှော့ချရန် ၎င်းတို့သည် ဓာတ်အားပေးစနစ်နှင့် အခြားပိုင်ဆိုင်မှုအချို့ကို တရုတ်ကုမ္ပဏီများထံ လွှဲပြောင်းပေးခဲ့ရသည်။ လက်တွေ့တွင် နိုင်ငံသည် ၎င်း၏ကိုယ်ပိုင် အဓိက အခြေခံအဆောက်အအုံများအပေါ် ထိန်းချုပ်မှုကို အချို့ ဆုံးရှုံးခဲ့သည်။
စစ်ဒဏ်ခံထားရသော စီးပွားရေးတွင် ငွေအလုံအလောက် ရှာမပေးနိုင်သည့် ဆိပ်ကမ်းနှင့် ရထားလမ်းအတွက် များပြားသောချေးငွေများကို မြန်မာနိုင်ငံက ယူပါက အလားတူကံကြမ္မာကို ရင်ဆိုင်ရနိုင်သည်။
ကမ္ဘောဒီးယားမှ သင်ခန်းစာ၊
အခြေခံအဆောက်အအုံအတွက် လဲလှယ်သော သြဇာလွှမ်းမိုးမှု
ကမ္ဘောဒီးယားကမူ နောက်ထပ်အန္တရာယ်တခုကို ပြသနေသည်။
လွန်ခဲ့သော ဆယ်စုနှစ်အတွင်း တရုတ် ချေးငွေများက အဝေးပြေးလမ်းမကြီးများ၊ တံတားများနှင့် တူးမြောင်းများအထိ တည်ဆောက်ခဲ့သည်။ သို့သော် ငွေကြေးနှင့်အတူ သြဇာလွှမ်းမိုးမှုများ ပါလာသည်။
ကမ္ဘောဒီးယားသည် ယခုအခါ ရီယမ်အနီးရှိ ရေတပ်စခန်းတခုသို့ တရုတ်စစ်တပ်ကို ဝင်ခွင့်ပေးထားပြီး ဒေသတဝန်းလုံးကို စိုးရိမ်မှုဖြစ်စေခဲ့သည်။
အတိုချုပ်အားဖြင့် သင်သည် မိတ်ဖက်တဦးအပေါ် ပို၍မှီခိုလေ၊ လွတ်လပ်သော ရွေးချယ်မှုများ ပြုလုပ်နိုင်ရန် လွတ်လပ်မှု နည်းပါးလေ ဖြစ်သည်။
မြန်မာနိုင်ငံသည် တရုတ်၏ အိတ်ကပ်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားပါက၊ နိုင်ငံ၏ ရေရှည်အကျိုးစီးပွားကို အထောက်အကူမပြုသော နိုင်ငံရေးဆိုင်ရာ ရပ်တည်မှုများတွင် ပါဝင်ရန် တွန်းအားပေးခံရနိုင်သည်။
မြန်မာနိုင်ငံအတွက် အန္တရာယ်များ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အစီအစဉ်သည် ရှေ့ဆက်သွားပါက မြန်မာနိုင်ငံသည် အောက်ပါအန္တရာယ်များစွာကို ရင်ဆိုင်ရမည်။
ဆိုးရွားသော အကြွေးများ
စစ်ကြောင့် စီးပွားရေး ချည့်နဲ့နေချိန်တွင် ထပ်မံချေးငွေများသည် နိုင်ငံကို ပြန်မဆပ်နိုင်လျှင် ပိုင်ဆိုင်မှုများကို စွန့်လွှတ်ရစေနိုင်သည်။
ထိန်းချုပ်မှု ဆုံးရှုံးခြင်း
ဆိပ်ကမ်းများ၊ ဓာတ်အားပေးစနစ်များ သို့မဟုတ် ပိုက်လိုင်းများသည် နိုင်ငံခြား စီမံခန့်ခွဲမှုအောက်တွင် ရောက်ရှိသွားနိုင်သည်။
ပဋိပက္ခကို မီးထိုးပေးခြင်း
ပဋိပက္ခဖြစ်ပွားနေသော နယ်မြေများကို ဖြတ်သန်းသွားသည့် ကြီးမားသောစီမံကိန်းများသည် နေအိမ် ပြောင်းရွှေ့မှုများနှင့် တိုက်ပွဲများကို ပိုမိုဖြစ်ပေါ်စေနိုင်သည်။
ပထဝီနိုင်ငံရေး ရွေ့လျားမှု
ကျောက်ဖြူသည် တရုတ်ကို အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်လမ်းကြောင်းပေးပြီး မြန်မာနိုင်ငံကို ပေကျင်း၏ သြဇာလွှမ်းမိုးမှုထဲသို့ ဆွဲသွင်းကာ အိန္ဒိယ၊ ဂျပန် သို့မဟုတ် အာဆီယံအိမ်နီးချင်းများနှင့် ဟန်ချက်ညီသော ဆက်ဆံရေးမှ ဝေးကွာသွားစေသည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုကို ငြင်းပယ်ရန် မလိုအပ်ပါ။ သို့သော် ဤစီမံကိန်းများကို ချဉ်းကပ်ပုံ ပြောင်းလဲရန် လိုအပ်သည်။
သင်ခန်းစာများက ရှင်းလင်းသည်။
ငွေချေးသူ တဦးတည်းအပေါ် မမှီခိုပါနှင့်။ ဘက်ပေါင်းစုံ ဘဏ်များနှင့် မိတ်ဖက်များစွာကို လက်တွဲ ခေါ်ဆောင်ပါ။
ပွင့်လင်းမြင်သာမှု ရှိပါ။ ချေးငွေစည်းကမ်းချက်များနှင့် စာချုပ်များကို ထုတ်ပြန်ပြီး ပြည်သူများက အန္တရာယ်များကို သိစေပါ။
နိုင်ငံပိုင် ပိုင်ဆိုင်မှုများကို ကာကွယ်ပါ။ ဆိပ်ကမ်းများနှင့် ဓာတ်အားပေးစနစ်များကို အပေါင်ခံခြင်းကို ရှောင်ပါ။
ဒေသခံလူထုကို လေးစားပါ။ ဒေသခံများနှင့် တိုင်ပင်ဆွေးနွေးပါ၊
အတင်းအဓမ္မ နေအိမ်ပြောင်းရွှေ့ခြင်းကို တားဆီးကာ အကျိုးကျေးဇူးများ သာမန်ပြည်သူများထံ ရောက်ရှိစေပါ။
ပိုမိုကျယ်ပြန့်သော ပုံရိပ်
ရှင်းလင်းအောင် ပြောရပါလျှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ဤစီမံကိန်းများကို လိုက်လံလုပ်ဆောင်နေခြင်း မဟုတ်ပါ။ ၎င်းသည် မိမိ၏အာဏာတည်မြဲရေးအတွက် လုပ်နေခြင်း ဖြစ်သည်။ ယခင်က တရုတ်ကုမ္ပဏီများထံမှ လာဘ်ယူခဲ့သည့် ယခင်စစ်ဗိုလ်ချုပ်များကဲ့သို့ပင်၊ ၎င်း၏ လုပ်ကြံဖန်တီးထားသည့် ရွေးကောက်ပွဲမတိုင်မီ ငွေနှင့် နိုင်ငံရေးအရ တရားဝင်မှုတို့ကို ရှာဖွေနေခြင်း ဖြစ်သည်။
သို့သော် အမှန်တရားမှာ ဤသို့ ဖြစ်သည်- တရုတ်က စစ်ဇုန်များအတွင်း ဖြတ်သန်းသွားသည့် စီမံကိန်းများတွင် ဘီလီယံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံပါက တည်ငြိမ်မှု သို့မဟုတ် စစ်မှန်သော အကျိုးအမြတ်ကို ရရှိမည် မဟုတ်ပါ။
မြန်မာနိုင်ငံသည်လည်း အကာအကွယ်များ မပါရှိဘဲ ဤသဘောတူညီချက်များကို လက်မှတ်ထိုးပါက အကြွေးထောင်ချောက်တွင် ပိတ်မိပြီး ၎င်း၏ကိုယ်ပိုင်အနာဂတ်ကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားမည့်အန္တရာယ်နှင့် ရင်ဆိုင်ရသည်။
ဖွံ့ဖြိုးတိုးတက်ရေးသည် စစ်ဗိုလ်ချုပ်များ၏ နိုင်ငံရေး အပေးအယူကိရိယာ မဟုတ်ဘဲ ပြည်သူလူထုအတွက် အမှန်တကယ် အသုံးဝင်သည့် ကိရိယာတခု ဖြစ်သင့်သည်။
ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် အမျိုးသားအကျိုးစီးပွားကို အာရုံမစိုက်ပါက၊ ဆိပ်ကမ်းများနှင့် ရထားလမ်းများ၏ တောက်ပသော ကတိများသည် သံကြိုးများသာ ဖြစ်လာပါလိမ့်မည်။
နိဂုံး
တရုတ်နိုင်ငံအနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယုံကြည်ပြီး စီးပွားရေးစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံပါက ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
စစ်ခေါင်းဆောင်တဦးအနေဖြင့် သူသည် လက်ရှိတွင် လုံခြုံရေးကို အာမခံနိုင်ခြင်း မရှိသည်မှာ ထင်ရှားသည်။ မိမိပိုင်နက်နယ်မြေကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တရုတ်၏ အကူအညီကို ရယူနေရခြင်းသည် သူ၏ အားနည်းချက်ကို မီးမောင်းထိုးပြနေသည်။
ထို့ကြောင့် နိုင်ငံ၏လုံခြုံရေးကိုပင် အပြည့်အဝမပေးနိုင်သော အုပ်ချုပ်ရေးအဖွဲ့အစည်းတခုတွင် တရုတ်၏ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများသည် စစ်မှန်သော ရေရှည်စီးပွားရေး အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေမည် မဟုတ်သည်မှာ ထင်ရှားသည်။
ဤတရုတ်ခရီးစဉ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမ္မတ ရှီကျင့်ဖျင်နှင့် နောက်ဆုံးအကြိမ် တွေ့ဆုံနှုတ်ဆက်ခြင်း ဖြစ်နိုင်သည်ဟု အချို့က ယူဆကြသည်။
ကိုးကားချက်များ
Business & Human Rights Resource Centre. (၂၀၂၅၊ မတ် ၁၃)။ ကျောက်ဖြူဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်- လူ့အခွင့်အရေးနှင့် ရပ်ရွာလူထုဆိုင်ရာ စိုးရိမ်ပူပန်မှုများ [အစီရင်ခံစာ]။ Business & Human Rights Resource Centre.
DVB. (၂၀၂၅၊ ဩဂုတ် ၃၁). တရုတ်-မြန်မာ ကွေ့ကောက်ရထားလမ်း စီမံကိန်း မကြာမီ စတင်တော့မလား DVB English.
East Asia Forum. (၂၀၂၀). လာအိုက ကိုယ့်ဖာသာ အကြွေးထောင်ချောက် ဖန်တီးခဲ့တာလား East Asia Forum.
European analysis (Lowy Institute). (၂၀၂၃). အကြွေးထောင်ချောက်- လာအို၏ စီးပွားရေးအကျပ်အတည်းတွင် တရုတ်၏ အခန်းကဏ္ဍ Lowy Institute.
Financial Times. (၂၀၂၄). ကမ္ဘောဒီးယား၏ ဖူနန်တက်ခ်နို တူးမြောင်းနှင့် အခြေခံအဆောက်အအုံများ၏ ပထဝီနိုင်ငံရေး. Financial Times.
Irrawaddy. (၂၀၂၅၊ ဇွန် ၂၅). စစ်ဒဏ်ခံနေရသည့် မြန်မာတွင် ရပ်ဝန်းနှင့်လမ်း စီမံကိန်းတိုးတက်ရန် တရုတ်တွန်းအားပေး. The Irrawaddy.
Ministry of Foreign Affairs of the People’s Republic of China. (၂၀၂၅၊ ဩဂုတ် ၃၀). ရှီကျင့်ဖျန်နှင့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံ. [သတင်းထုတ်ပြန်ချက်]. MFA PRC.
Reuters. (၂၀၂၅၊ ဩဂုတ် ၂၈). SCO ထိပ်သီးအစည်းအဝေး တက်ရောက်ရန် မြန်မာစစ်ခေါင်းဆောင် တရုတ်သို့သွားမည်။
Reuters. (၂၀၂၅၊ စက်တင်ဘာ ၁). SCO ဘေးပန်းအစည်းအဝေးတွင် အိန္ဒိယက မြန်မာစစ်ခေါင်းဆောင်နှင့်တွေ့ဆုံကာ အားလုံးပါဝင်သည့် ရွေးကောက်ပွဲအတွက် တောင်းဆို။
The Guardian. (၂၀၂၅၊ စက်တင်ဘာ ၁). တရုတ်၏ အောင်ပွဲခံနေ့ စစ်ရေးပြနှင့် သံတမန်ရေးရာပြဇာတ်။
Time. (၂၀၂၄). ကမ္ဘောဒီးယားတွင် နက်ရှိုင်းလာသော တရုတ်၏ ခြေရာ- ရီယမ်ရေတပ်စခန်းနှင့် မဟာဗျူဟာမြောက် အခြေခံအဆောက်အအုံ။
The Guardian. (၂၀၂၅၊ မေ ၂၇). ၂၀၂၅ ခုနှစ်တွင် အဆင်းရဲဆုံးနိုင်ငံများသည် တရုတ်သို့ အကြွေးပြန်ဆပ်ရမည့် ငွေကြေးလှိုင်းလုံးကြီးနှင့် ရင်ဆိုင်ရမည်ဟု လေ့လာမှုက သတိပေး။
World Bank & regional analyses. (၂၀၂၂–၂၀၂၄). လာအို၏ အကြွေးနှင့် ဗိုတင်-ဗီယင်ကျန်း ရထားလမ်း- ဘဏ္ဍာရေးဆိုင်ရာ သက်ရောက်မှုများနှင့် မူဝါဒဆိုင်ရာ တုံ့ပြန်မှုများ။ World Bank နောက်ခံစာတမ်းများနှင့် ဒေသတွင်း သုတေသန ပေါင်းစပ်မှုများ။