Home
မြန်မာသတင်း
ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှု ၈ နှစ်ပြည့် နိုင်ငံတကာသံရုံးအသီးသီး ကြေညာချက်ထုတ်
DVB
·
August 25, 2025
Photo: REUTERS/Hannah McKay

မြန်မာစစ်တပ်ကနေ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့မှု ၈ နှစ်ပြည့်တဲ့ ဩဂုတ် ၂၅ ရက် ဒီကနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အပါအဝင် နိုင်ငံတကာသံရုံးတွေအသီးသီးက တရားမျှတမှု ရရှိစေရေး  ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အကြီးတန်းလက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် ထောမတ်စ် ပီဂော့တ်က ပြောကြားတဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အကြမ်းဖက်မှုနဲ့ နေရပ်စွန့်ခွာရမှုတွေကို ကြုံတွေ့ခံစားနေရတဲ့ ရိုဟင်ဂျာတွေနဲ့ တခြားတိုင်းရင်းသားမျိုးနွယ်စုတွေအပါအဝင် မြန်မာပြည်သူတွေအတွက် ထောက်ခံကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင် ရိုဟင်ဂျာတွေကို ဆက်လက်ခိုလှုံခွင့်ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေကို လက်ခံထားပေးတဲ့ ဒေသတွင်း တခြားနိုင်ငံတွေကိုလည်း  ချီးကျူးဂုဏ်ပြုကြောင်း ပြောထားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးက သံရုံးအကြီးအကဲ အန်ဒရူး ဂျက်ဆန်ကတော့ ၂၀၁၇ ခုနှစ်၊ ယနေ့လိုအချိန်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာ အသိုက်အဝန်းအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ကြောင်း မြန်မာစစ်တပ်ရဲ့ ကြောက်မက်ဖွယ် အကြမ်းဖက်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေ၊ တကွဲတပြားဖြစ်ခဲ့ရတဲ့ မိသားစုတွနဲ့ လူမှုအသိုက်အဝန်းတွေသာမက ဘဝနဲ့ချီတဲ့ထိ ခိုက်မှုတွေ ခံစားနေရသူတွေကို မမေ့မလျော့ အမှတ်ရနေကြောင်း ပြောပါတယ်။

ရိုဟင်ဂျာတွေအနေနဲ့ အဆိုပါရက်စက်ကြမ်းကြုတ်မှုတွေရဲ့ သက်ရောက်မှုဂယက်တွေကို ယနေ့တိုင် ဆိုးဆိုးရွားရွား ခံစားနေရဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝန်း ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခဒဏ်ကို ပြည်သူတွေ ခါးစည်းခံနေကြရပါတယ်၊ လက်ရှိ ရခိုင်ပြည်နယ်အနှံ့က အရပ်သားပြည်သူပေါင်း သိန်းနဲ့ချီဟာ ပိုမိုဆိုးရွားလာတဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ စားနပ်ရိက္ခာဆိုင်ရာ အကျပ်အတည်းများကြား မိမိတို့ချစ်ခင်ရသူတွေကို ကာကွယ်နိုင်ဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လက်လှမ်းမီ ရရှိနိုင်ရေးအတွက် ခွင့်ပြုပေးဖို့ လိုတယ်လို့လည်း ယူကေသံရုံးက သံရုံးအကြီးအကဲက ပြောပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာအသိုက်အဝန်းတွေကို အကာအကွယ်ပေးရေးအတွက် ထားရှိတဲ့ ယူကေအစိုးရရဲ့ ကတိကဝတ်မှာလည်း အခိုင်အမာတည်ရှိနေဆဲဖြစ်သလို မြန်မာနိုင်ငံအတွင်း ဘယ်နေရာဒေသမှာမဆို ဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရှိစေဖို့ ယူကေအစိုးရရဲ့ ပံ့ပိုးပေးမှုကလည်း မပြောင်းမလဲ တည်ရှိနေတယ်လို့ ပြောထားသလို အဲဒီလို ဆောင်ရာမှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)တွေကတဆင့် ကြိုးပမ်းဆောင်ရွက်နေမှုတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးနဲ့ ဘင်္ဂလား‌‌ဒေ့ရှ်နိုင်ငံဆိုင်ရာ ကနေဒါသံရုံး ထုတ်ပြန်ချက်မှာတော့ ရိုဟင်ဂျာအကျပ်အတည်း စတင်ချိန် ၂၀၁၇ ခုနှစ်ကတည်းက အခုနှစ် မတ် ၇ ရက်အထိ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေသူ တသီးပုဂ္ဂလပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ကနေဒါနိုင်ငံက အရေးယူပိတ်ဆို့မှု ၁၁ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေအားလုံးကို အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံတဝန်း ဘေးကင်းပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လက်လှမ်းမှီ ရရှိစေ‌ရေး အရပ်သားတွေကို အကာအကွယ်ပေး‌ရေးကို ဦးစားပေး လုပ်ဆောင်ဖို့လည်း ကနေဒါနိုင်ငံက တောင်းဆိုလိုက်ပါတယ်။ 

မြန်မာနိုင်ငံအကျပ်အတည်းမျိုးစုံကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အာဆီယံရဲ့ အဓိကအခန်းကဏ္ဍနဲ့ ဘုံသဘောတူညီချက် ၅ ရပ်အတွက် ထောက်ခံမှုကို ထပ်လောင်း အတည်ပြုကြောင်းနဲ့ အာဆီယံနဲ့ ကုလသမဂ္ဂ အထူးသံတမန်တွေကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း အခိုင်အမာ ထောက်ခံကြောင်း ထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လမှာ အာဆာအကြမ်းဖက်အဖွဲ့တွေက ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲစခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာကနေ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းစစ်ဆင်ရာမှာ ရိုဟင်ဂျာ ၈ သိန်းနီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတာဖြစ်ပြီး လက်ရှိတိုက်ပွဲတွေကြောင့် ထပ်ပြီးထွက်ပြေးလာသူတွေနဲ့ ပေါင်းရင် သန်းနဲ့ချီရှိနေပြီလို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013