
မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ အထောက်အထားတွေကို တွေ့ရှိခဲ့ပြီး တချို့ညှဉ်းပန်းနှိပ်စက်မှုတွေကို စစ်တပ် အကြီးတန်းရာထူးရှိ ပုဂ္ဂိုလ်တွေက ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက သြဂုတ် ၁၂ ရက်မှာ ပြောပါတယ်။
မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုတွေကို ပါဝင်ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။
သေဆုံးသူတွေဟာ ရိုက်နှက်ခြင်း၊ လျှပ်စစ်ရှော့တိုက်ခြင်း၊ လည်ပင်းညှစ်ခြင်းနဲ့ လက်သည်းတွေကို ပလာယာနဲ့ ဆွဲခွာဖယ်ရှားခြင်းလို တခြား ညှဉ်းပန်းနှိပ်စက်ခြင်းတွေကိုလည်း ခံရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့က ပြောထားပါတယ်။
IIMM အဖွဲ့ကို နိုင်ငံတကာဥပဒေတွေ ပြင်းထန်စွာ ချိုးဖောက်မှု အထောက်အထားတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီက ၂၀၁၈ ခုနှစ်က ဖွဲ့စည်းခဲ့တာပါ။
ဇွန် ၃၀ ရက်အထိ တနှစ်တာ ကာလအတွင်း အစီရင်ခံစာပါ တွေ့ရှိချက်တွေဟာ သတင်းရင်းမြစ် ၁,၃၀၀ ကျော်က အချက်အလက်တွေကို အခြေခံထားတာဖြစ်ပြီး အဲဒီထဲမှာ ရာနဲ့ချီတဲ့ မျက်မြင်သက်သေတွေရဲ့ သက်သေခံချက်တွေအပြင် မှုခင်းဆိုင်ရာ အထောက်အထားတွေ၊ စာရွက်စာတမ်းတွေနဲ့ ဓာတ်ပုံတွေ ပါဝင်ပါတယ်။
၂၀၂၁ ခုနှစ်က ရွေးကောက်တင်မြှောက်ခံရတဲ့ အရပ်သားအစိုးရထံကနေ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်အတွင်း ကျရောက်သွားပြီး အဘက်ဘက်က အဆိုးဝါးဆုံး အခြေအနေ ဖြစ်နေခဲ့တာပါ။
အဲဒီအချိန်ကတည်းက အတိုက်အခံတွေကို နှုတ်ပိတ်တာ၊ ထောင်နဲ့ချီတဲ့ လူတွေကို ဖမ်းဆီး ထိန်းသိမ်းထားတာတွေ ပြုလုပ်ခဲ့ပါတယ်။
Source: Reuters