
အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ အငြင်းပွားဖွယ်ရာ စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး စစ်သားသစ် ၇၀,၀၀၀ ခန့်ကို အတင်းအဓမ္မ စုဆောင်းခဲ့တယ်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီရဲ့ မကြာသေးခင်ရက်ပိုင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တရားဝင်မှုမရှိဘဲ ပြဋ္ဌာန်းခဲ့တဲ့ ဒီဥပဒေဟာ အရွယ်မရောက်သေးသူတွေကို စုဆောင်းတာ၊ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ထိပါးယုတ်လျော့စေတာတွေ အပါအ၀င် ကျယ်ပြန့်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရ လက်ထက်မှာ စတင်ရေးဆွဲခဲ့ပေမဲ့ တခါမှ အတည်ပြုပြဋ္ဌာန်းခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းအဖွဲ့ကတော့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဒီစစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာပါ။ စစ်အုပ်စုဟာ ၂၀၂၄ ခုနှစ်၊ ဧပြီလကတည်းက လူသစ်စုဆောင်းမှု ၁၄ ကြိမ် ပြုလုပ်ခဲ့ပြီး တကြိမ်ကို လူ ၅,၀၀၀ ခန့်နဲ့ စုစုပေါင်း တပ်သားသစ်ဦးရေ ၇၀,၀၀၀ အထိ ရှိလာတယ်လို့ ခန့်မှန်းရပါတယ်။ ဒီလိုစုဆောင်းခံရသူတွေထဲမှာ အရွယ်မရောက်သေးသူတွေလည်း ပါဝင်တယ်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီက အစီရင်ခံထားပါတယ်။ ဒါဟာ ကလေးစစ်သား အသုံးမပြုရဆိုတဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့အတွက် စိုးရိမ်မှုတွေလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။
စစ်အုပ်စုရဲ့ အခုလို ကြမ်းတမ်းတဲ့ လူသစ်စုဆောင်းရေး အစီအစဥ်တွေမှာ ကျေးရွာအလိုက် မဲနှိုက်ခိုင်းတာ၊ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာ၊ ငွေညှစ်တာလိုမျိုး အတင်းအကျပ် လုပ်ဆောင်မှုတွေလည်း ပါဝင်နေပါတယ်။ အရပ်သားတွေဟာ စစ်မှုမထမ်းရအောင် ဒါမှမဟုတ် ဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်းတွေကို ပြန်လွတ်လာအောင် လာဘ်ထိုးရတာတွေလည်း ရှိပါတယ်။ စစ်တပ်အကြီးအကဲ အရာရှိကြီးတွေရဲ့ သားသမီးတွေကတော့ စစ်မှုထမ်းဆောင်တာကနေ ကင်းလွတ်ခွင့်ရနေတယ်လို့ သိရပါတယ်။ ဒါဟာ စနစ်တကျပြုလုပ်ထားတဲ့ မညီမျှမှုတွေကို မီးမောင်းထိုးပြနေတာပါပဲ။
စစ်ကိုင်းတိုင်းက တော်လှန်ရေးရဲဘော်တဦးဖြစ်တဲ့ ရဲဘော်ရာဟုက Myanmar Press Agency (MPA) သတင်းဌာနကို အခုလို ပြောပြခဲ့ပါတယ်။ “အခုဆိုရင် စစ်မှုထမ်းအပတ်စဥ် ၁၃ ကြိမ် ရှိသွားပြီ။ သူတို့ရဲ့ စစ်ကြောင်းတွေမှာဆိုရင် စစ်သားအယောက် ၂၀၀ မှာ စစ်သားအစစ်က ၅၀ လောက်ပဲရှိပြီး ကျန်တာတွေက လေ့ကျင့်မှုမပြည့်ဝတဲ့ စစ်မှုထမ်းသစ်တွေပဲလို့ သိရပါတယ်။ သူတို့မှာ တိုက်ခိုက်ရေးစွမ်းရည်ရော စိတ်ဓာတ်ပါ မရှိကြဘူး။ ဘာလို့လဲဆိုတော့ အတင်းအဓမ္မ စုဆောင်းခံထားရတာကိုး။ ကျနော်တို့က သေနတ်နည်းနည်းဖောက်လိုက်တာနဲ့ သူတို့က ထိတ်လန့်ပြီး ကစဉ့်ကလျား ဖြစ်ကုန်ရော။ ကျနော်တို့က သူတို့ကို မကြောက်ပါဘူး၊ ဒါပေမဲ့ တချို့ကတော့ နောက်ဆုံးမှာ စစ်အုပ်စုကို သစ္စာခံသွားကြတာမျိုးတော့ ရှိတယ်” လို့ ရဲဘော်ရာဟုက ပြောပါတယ်။
မြေပြင်က တော်လှန်ရေးရဲဘော်တွေရဲ့ အဆိုအရ စစ်အုပ်စုရဲ့ နည်းဗျူဟာမှာ လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပါ၀င်ပြီး အဲဒီနောက်မှာမှ စစ်မှုထမ်းတပ်သားသစ်တွေကို ရှေ့တန်းတင်ပြီး မြေပြင်ထိုးစစ်ဆင်တာမျိုး ဖြစ်ပါတယ်။ ဒီနည်းဗျူဟာက အရပ်သားတွေရဲ့ ဒုက္ခကို ပိုမိုဆိုးရွားစေခဲ့သလို အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေကလည်း မြန်မာပြည်သူတွေ၊ အထူးသဖြင့် ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ပိုပြီး ထိခိုက်စေခဲ့ပါတယ်။
အဂတိလိုက်စားမှုတွေလည်း တိုးလာခဲ့ပါတယ်။ စစ်အုပ်စုအရာရှိတွေဟာ စစ်မှုထမ်းလုပ်ငန်းစဉ်ကို အသုံးချပြီး ကိုယ်ကျိုးအတွက်၊ အထူးသဖြင့် ငွေကြေးအကျိုးအမြတ်အတွက် လုပ်ဆောင်နေကြတယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။ ရန်ကုန်၊ လှိုင်သာယာမြို့နယ်က အသက် ၅၀ အရွယ် အမျိုးသမီးတဦးက “ကျမ အသိတယောက်ဆိုရင် သူ့ယောက်ျားက ရဲထွက်၊ နောက်တော့ ဧရာဝတီတိုင်းမှာ အုပ်ချုပ်ရေးမှူး သွားလုပ်တယ်။ သူက ပြည်သူတွေဆီကနေ ‘လူသစ်စုဆောင်းခ’ ဆိုပြီး ပိုက်ဆံတွေကောက်တယ်။ ပြည်သူတွေရဲ့ မျက်ရည်ပေါက်ကြီးငယ်နဲ့ ရလာတဲ့ပိုက်ဆံတွေနဲ့ ဇိမ်ခံနေကြတယ်။ ဒါကြောင့် ကျမ သူနဲ့ အဆက်အသွယ်ဖြတ်လိုက်တယ်” လို့ MPA ကို ပြောပြခဲ့ပါတယ်။
မြန်မာနိုင်ငံရှေ့နေများကောင်စီကတော့ တရားဝင်မှုမရှိဘဲ ပြဋ္ဌာန်းထားတဲ့ ဒီစစ်မှုထမ်းဥပဒေဟာ လက်ရှိ တည်ဆဲဥပဒေကို ချိုးဖောက်ရာရောက်သလို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလည်း ဖြစ်တယ်လို့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ အခုလို အတင်းအဓမ္မ စုဆောင်းခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို နစ်နာသူတွေ (victims) အဖြစ် သတ်မှတ်ရပါမယ်။ ပြီးတော့ ဒီဥပဒေကို အကောင်အထည်ဖော်တာဟာ တရားမဝင် ဖိနှိပ်တဲ့လုပ်ရပ် ဖြစ်တယ်လို့လည်း ရှေ့နေများကောင်စီက ဆိုပါတယ်။
စစ်မှုထမ်းရမယ့် ဒုက္ခကြောင့် မြန်မာလူငယ်အများအပြားဟာ ဘေးကင်းရာကို ရှာဖွေဖို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေကြရပါတယ်။ အထူးသဖြင့် အများဆုံးကတော့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေကြရပါတယ်။ ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူ နီကိုလပ်စ်က “စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနယ်စပ်ကို ဖြတ်ကျော်လာတဲ့ မြန်မာလူငယ်တွေရဲ့ ပြဿနာဟာ တကယ့်ကို တိုးပွားလာနေပါတယ်။ ထိုင်းနိုင်ငံမှာလည်း အာဏာပိုင်တချို့က မြန်မာအလုပ်သမားတွေကို ပစ်မှတ်ထားပြီး ငွေညှစ်တာတွေ လုပ်နေကြပါတယ်။ ဒီလူငယ်တွေဟာ ဘာသာစကား အခက်အခဲနဲ့ အမြတ်ထုတ်ခံရမှုတွေကို ကြုံတွေ့နေရပြီး အလွန်အန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ ကာကွယ်စောင့်ရှောက်မှုရဖို့ အခွင့်အလမ်းကလည်း အလွန်နည်းပါးပါတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံရှေ့နေများကောင်စီဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ တရားမဝင် စစ်မှုထမ်း စုဆောင်းမှုတွေကို ဖြေရှင်းဖို့၊ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်သူတွေကို တာဝန်ခံခိုင်းဖို့အတွက် နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ စစ်မှုထမ်းဒုက္ခ ပိုပြီး ကြီးမားနက်ရှိုင်းလာတာနဲ့အမျှ မြန်မာလူငယ်တွေရဲ့ လုံခြုံရေးနဲ့ အနာဂတ်ဟာ ပိုမိုဆိုးရွားလာတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဂရီဂေါ်ရီ
Ref: ASIA News