
ဂါဇာက ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးထားတဲ့ ဒုက္ခသည်တွေအနေနဲ့ တောင့်မခံနိုင်လောက်တဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဂါဇာမှာ နောက်ဆုံးထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ် ခေါင်းကြီးပိုင်းသတင်းကတော့ “တရက်ကို အနည်းဆုံး ကလေးငယ် ၁၀ ဦးခန့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးနေရတယ်လို့ ကုလသမဂ္ဂ ကျောထောက်နောက်ခံ အဖွဲ့အစည်းတခုက သတိပေးလိုက်တယ်” ဆိုတာပါပဲ။
အဆိုပါသတင်းဆောင်းပါးမှာ ဖော်ပြထားတဲ့ အချက်တွေအရ စစ်ပွဲတွေစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကစလို့ ယနေ့အချိန်အထိ ကလေးငယ် ၄၀,၅၀၀ အပါအဝင် လူဦးရေ ၁၃၄,၁၀၅ ဦးခန့်ဟာ စစ်ပွဲနဲ့ဆက်နွှယ်တဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ခံစားခဲ့ရတယ်လို့ သိရပါတယ်။
အခုလို တုန်လှုပ်ဖွယ်ရာ အချက်အလက်တွေ နောက်ကွယ်မှာ ကလေးငယ်တွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းသာမက ငယ်ဘဝနဲ့ အိပ်မက်တွေကိုပါ အမှန်တကယ် ဆုံးရှုံးနေကြရပါတယ်။
အဲဒီကလေးငယ်တွေထဲမှာ ကျမနဲ့ ဆွေမျိုးတော်တဲ့ အသက် ၁၂ နှစ်အရွယ် အိုဆာမာလည်း တဦးအပါအဝင်ပါပဲ။ သူဟာ အသက်ဘေးကနေ နှစ်ကြိမ်တိုင်တိုင် လွတ်မြောက်ခဲ့ပေမဲ့ သူတယောက်ပဲ ကျန်ရစ်တဲ့အထိ နှစ်ကြိမ်လုံးမှာ မိသားစုဝင်တွေကို ဆုံးရှုံးခဲ့ရပါတယ်။
ပထမအကြိမ်တုန်းက အိုဆာမာဟာ အဘိုးအဘွားတွေရဲ့အိမ်မှာ သူ့မောင်နှမတွေ၊ သူ့အမေ၊ သူ့အဘွားတို့နဲ့ အတူရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၎င်းတို့အတူရှိနေတဲ့အိမ် ထိခိုက်ပျက်စီးခဲ့ပြီး အိုဆာမာ တယောက်ကလွဲလို့ ကျန်တဲ့လူတွေ အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဒုတိယအကြိမ်မှာလည်း သူဟာ စစ်ဘေးခိုလှုံရာအဖြစ် ပြောင်းလဲထားတဲ့ စာသင်ကျောင်းမှာ ရှိနေခဲ့ပြီး အစ္စရေးတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ ထပ်မံရင်ဆိုင်ခဲ့ရပြန်ပါတယ်။ အဆိုပါတိုက်ခိုက်မှုမှာ အိုဆာမာရဲ့ အဖေနဲ့ ဦးလေး ၇ ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ အိုဆာမာကတော့ ဒုတိယအကြိမ် အသက်ဘေးက လွတ်မြောက်ခဲ့ပေမဲ့ သူ့ရဲ့ခြေထောက်တဖက်ကို ဆုံးရှုံးလိုက်ရပါတယ်။
ကျမအဖေနဲ့ ကျမဟာ အယ်ကာဆာဆေးရုံမှာ တက်ရောက်နေတဲ့ အိုဆာမာ ဆီကို သွားရောက် သတင်းမေးခဲ့ပါတယ်။ ဆေးရုံအဝင်ပေါက်မှာ ပလတ်စတစ်အိတ်ထဲကို ရေထည့်ပြီး ရောင်းနေတဲ့ ကလေးတယောက်က ကျမတို့ကို နှုတ်ဆက်ပါတယ်။ ၎င်းကလေးငယ်ဟာ လက်တဖက် ဖြတ်တောက်ထားရပြီး ကျန်လက်တဖက်နဲ့ ရေရောင်းရင်း အသက်မွေးနေရတာ ဖြစ်ပါတယ်။ ဆေးရုံထဲရောက်တော့ အိုဆာမာ တက်ရောက်ကုသနေတဲ့ ဌာနမှာ ရင်နာစရာကောင်းလှတဲ့ မြင်ကွင်းကို တွေ့လိုက်ရပါတယ်။ အဲဒါကတော့ ဒါဇင်နဲ့ချီတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးထားသူ လူနာတွေဟာ ခုတင်တွေပေါ်မှာရော ဆေးရုံကြမ်းပြင်ပေါ်မှာပါ လှဲလျောင်းနေကြတာပါပဲ။
ကျမတို့သားအဖဟာ အိုဆာမာကို သူ့ရဲ့ခုတင်မှာ လဲလျောင်းနေတာကို တွေ့လိုက်ရပါတယ်။ သူဟာ ကျမတို့ သွားရောက်ခဲ့တဲ့ အချိန်အများစုမှာ ငိုကြွေးနေခဲ့ပြီး ခန္ဓာကိုယ်လှုပ်ရှားမှုတိုင်းက သူ့အတွက် ခက်ခဲနေခဲ့ပါတယ်။
သူ့မျက်နှာပေါ်မှာ မြင်တွေ့ခဲ့ရတဲ့ ဝေဒနာကို ကျမ စကားလုံးတွေနဲ့တောင် ဖော်မပြတတ်တော့ပါဘူး။ အဖေ၊ အမေနဲ့ မောင်နှမတွေကို ဆုံးရှုံးလိုက်ရတဲ့ ကလေးငယ်တယောက်ဟာ ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုနဲ့ စိတ်ဒဏ်ရာကို တယောက်တည်း ရင်ဆိုင်ဖြတ်သန်းနေရပါတယ်။
သူဟာ ဆွေမျိုးသားချင်းတွေရဲ့ ကူညီထောက်ပံ့မှုတွေအပေါ်မှာ အလုံးစုံ မှီခိုနေရပါတယ်။ သူဟာ ဂရုတစိုက် ကူညီအားပေးခံနေရပြီး သူ့အတွက် ဘီးတပ်ကုလားထိုင်ကိုလည်း လူတယောက်က ကူညီပြီး ရှာဖွေပေးနေပါတယ်။
ဒါပေမဲ့ စစ်ဖြစ်နေတဲ့ကာလအတွင်းမှာ အိမ်သာကိုတောင် သူ့ဟာသူ မသွားနိုင်တော့တဲ့ ထိခိုက်ဒဏ်ရာရ ကလေးတယောက်ကို ပြုစုစောင့်ရှောက်ရတာဟာ သူ့ကိုချစ်တဲ့လူတွေ အဖို့တောင်မှ အတော်လေး တာဝန်ကြီးတဲ့အလုပ် ဖြစ်ပါတယ်။ ဒါဟာ ၎င်းတို့အနေနဲ့ မကူညီချင်တာကြောင့်မဟုတ်ဘဲ သူတို့ကိုယ်တိုင်တောင် အသက်ရှင်သန်အောင် မနည်းရုန်းကန်နေရတဲ့အချိန် ဖြစ်နေလို့ပါပဲ။
အိုဆာမာက အဲ့အချက်ကို ကောင်းကောင်းနားလည်ပါတယ်။ သူက “ကျနော့်အဖေနဲ့ အမေဆီ သွားချင်တယ်။ သူတို့နဲ့အတူ ကောင်းကင်ဘုံမှာ ကစားချင်တယ်” လို့ တဖွဖွ ပြောနေပါတယ်။ အိုဆာမာရဲ့ စကားကို ကြားတဲ့အခါ ကျမ စိတ်ထိခိုက်ရပါတယ်။
ခြေထောက်တဖက်မရှိတော့တဲ့ ကလေးတယောက် ဖြစ်ရတာက ဘဝကို မမျှမတ ရှင်သန်ရတော့မယ့် အဓိပ္ပာယ်ပါပဲ။ လှုပ်ရှားမှုတခုတိုင်း၊ ခြေလှမ်းတလှမ်းတိုင်း၊ ရိုးရှင်းတဲ့ အလုပ်တခုစီတိုင်းအတွက် အကူအညီ လိုအပ်တယ်လို့ ဆိုလိုတာပါ။ ဒီလိုကလေးငယ်တွေဟာ အမြဲတမ်း ကွဲပြားတယ်လို့ ခံစားနေရမှာဖြစ်ပြီး သနားတဲ့ ဒါမှမဟုတ် စိတ်အနှောင့်အယှက်ဖြစ်တဲ့ အကြည့်တွေ၊ အခြားကလေးငယ်တွေ ပြေးလွှားဆော့ကစားနေတာကို ထိုင်ငေးနေရတဲ့ အခြေအနေတွေကို အများကြီး ရင်ဆိုင်သွားရဦးမှာပါ။ အိုဆာမာလို ကလေးငယ်အများစုဟာ အဖေ၊ အမေ၊ ညီအစ်ကို မောင်နှမတွေရဲ့ ကူညီပံ့ပိုးမှုမပါဘဲ အထက်ပါအခြေအနေတွေကို ရင်ဆိုင်ဖြတ်သန်းနေကြရပါတယ်။
အိုဆာမာ ခံစားနေရတဲ့ အခြေအနေကို အပြည့်အဝ နားလည်ဖို့တောင် ကျမအနေနဲ့ မလွယ်ကူပါဘူး။ ဒါပေမဲ့ ကျမကိုယ်တိုင် ကိုယ်လက်အင်္ဂါတခု ဆုံးရှုံးရမလို ဖြစ်ခဲ့တုန်းက ဘယ်လိုခံစားခဲ့ရတယ် ဆိုတာကိုတော့ ကောင်းကောင်းသိပါတယ်။
ပြီးခဲ့နှစ် ဇွန်လက ကျမတို့အိမ်လည်း တိုက်ခိုက်ခံခဲ့ရပြီး ကျမ အပါအဝင် မိသားစုဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ကျမရဲ့ လက်အပါအဝင် ခန္ဓာကိုယ်အနှံ့အပြားကို ဗုံးအစအနတွေ ဝင်ရောက်သွားခဲ့ပြီး ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ရပါတယ်။
ကျမ အရေးပေါ် ခွဲစိတ်ခန်းဝင်ရမယ် ဆိုတာကို ကြားလိုက်ရပြီးတဲ့နောက်မှာ ပထမဆုံး တွေးမိတာကတော့ ကျမလက်ကို ဆုံးရှုံးရနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။
ထိခိုက်မိတာ ကျမရဲ့ ညာဘက်လက်ပါ။ ကျမရဲ့ အိပ်မက်တွေကို ချရေးဖို့ရာ အသုံးပြုတဲ့လက်ပါ။ ကျမရဲ့ မှတ်စုစာအုပ်တွေကို အဖွင့်အပိတ်လုပ်တဲ့၊ စာအုပ်တွေ ကိုင်ထားလေ့ရှိတဲ့ လက်ပါ။ ကျမအမေကို ကူညီဖို့၊ ကျမဖုန်းကိုကိုင်ပြီး အပြင်မှာမတွေ့နိုင်တဲ့ သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေဆီကို စာရေးဖို့ ကျမ အသုံးပြုတဲ့လက်ပါ။
ကျမ ဒါမရှိဘဲ ဘယ်လိုနေမလဲ။ စာရေးဆရာ၊ ဘာသာပြန်သူ၊ ဒီဖျက်ဆီးမှုတွေ ကြားထဲမှာတောင် အိပ်မက်မက်ဖို့ သတ္တိရှိနေသေးတဲ့ အမျိုးသမီးတယောက်အနေနဲ့ ဘယ်လိုဆက်လျှောက်လှမ်းရမလဲ။
အဲဒီအခိုက်အတန့်မှာ ကျမလည်း အိုဆာမာ ခံစားရသလို ခံစားခဲ့ရပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတခုကို ဆုံးရှုံးရတာထက်စာရင် သေသွားတာကမှ ပိုပြီး လွယ်ကူဦးမယ်လို့ တွေးမိခဲ့တာပေါ့။
ကျမ ဆေးရုံမှာ အများကြီးငိုခဲ့ပါတယ်။ ကျမငိုတာဟာ ဒဏ်ရာက နာကျင်မှုကြောင့်သက်သက် မဟုတ်ဘဲ ကိုယ့်ခန္ဓာကိုယ် အပြည့်အဝလို့ မခံစားရတော့ဘဲ ရှင်သန်ရမယ့် ဘဝမျိုးကို ကြောက်ရွံ့လို့လည်း ပါပါတယ်။
ခွဲစိတ်မှုက ကျမရဲ့လက်ကို ဖြတ်တောက်ရမယ့် အနေအထားကနေ ကယ်တင်နိုင်ခဲ့ပေမဲ့ ဗုံးအစကတော့ အထဲမှာ ကျန်ရှိနေပါသေးတယ်။ အဲဒီအစလေးဟာ နာ့ဗ်ကြောတွေနဲ့ နီးလွန်းနေပြီး ထိခိုက်မိမှာစိုးရိမ်လို့ ဆရာဝန်တွေက မထုတ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအစလေးဟာ ကျမရဲ့လက်ထဲမှာပဲ ထာဝရရှိနေတော့မယ်လို့ သူတို့က ပြောပါတယ်။
ကျမဟာ ခွဲစိတ်ဆောင်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ဖြတ်တောက်ရမယ့် လူနာတွေနဲ့ ခြေလက် ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကို ထားတဲ့အပိုင်းမှာ နှစ်ပတ်ကျော်ကြာ နေလိုက်ရပါတယ်။ အဲဒီနေရာဟာ နာကျင်မှုတွေနဲ့ ပြည့်နှက်နေသလိုပါပဲ။ မနက်ခင်းတိုင်းကို ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခံရခြင်းရဲ့ ပြင်းထန်တဲ့ ဝေဒနာကြောင့် အော်ဟစ်နေရတဲ့ ကလေးတယောက်ရဲ့ ငိုသံ ဒါမှမဟုတ် ပြန်မကောင်းသေးတဲ့ ဒဏ်ရာကြောင့် အော်ဟစ်ညည်းညူနေရတဲ့ မိန်းမတယောက်ရဲ့ အော်သံ စတဲ့ အနိဌာရုံတွေနဲ့ ဖြတ်သန်းခဲ့ရပါတယ်။
ကျမနဲ့ မျက်နှာချင်းဆိုင်က ခုတင်မှာ လက်နှစ်ဖက်လုံး ဆုံးရှုံးထားရတဲ့ အသက်ငါးဆယ်အရွယ် အမျိုးသမီးတယောက် ရှိပါတယ်။ သူမဟာ ပေါင်မုန့်အစအနလေးကိုတောင်မှ ကိုယ်တိုင် ပါးစပ်ထဲ မထည့်နိုင်ပါဘူး။ သမီးဖြစ်သူက ဘေးမှာထိုင်ပြီး သူမကို ကလေးလေးတယောက်လို ဇွန်းနဲ့ ခွံ့ကျွေးရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကြောင့် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အကူအညီမဲ့တဲ့ ခံစားချက်ကြောင့် သူမရဲ့ မျက်လုံးတွမှာ မျက်ရည်တွေ ရစ်ဝိုင်းနေခဲ့တယ်။
ကျမ သူ့ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ပါတယ်။ သူ့ရဲ့ပုံရိပ်တွေဟာ ကျမမျက်လုံးထဲက မထွက်တော့ပါဘူး။ စားသောက်ဖို့၊ ကိုယ်လက်သန့်စင်ဖို့၊ လမ်းလျှောက်ဖို့ စတဲ့ အခြေခံအကျဆုံး စွမ်းဆောင်ရည်တွေကို ဆုံးရှုံးလိုက်ရတဲ့ လူသားတယောက်ကို မြင်တွေ့ရတာဟာ စိတ်နှလုံးကို ထိခိုက်ကြေမွလုမတတ်ပါပဲ။
စစ်ပွဲတွေက လူတွေကို သတ်ရုံပဲသတ်တာ မဟုတ်ပါဘူး။ လူတွေပိုင်ဆိုင်တဲ့ အရာတွေကိုပါ ခိုးယူပါတယ်။ အိမ်တွေ၊ ချစ်ရတဲ့လူတွေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ ကျမတို့ရဲ့ စိတ်ဝိညာဉ်တွေကိုပါ စစ်ပွဲက ခိုးယူသွားပါတယ်။
မင်းအသက်ရှင်ခဲ့မယ် ဆိုရင်တောင်မှ ဝေဒနာက မပြီးဆုံးသေးပါဘူး။ မင်းရဲ့ ပျောက်နေတဲ့၊ ကျိုးပဲ့နေတဲ့၊ ဘယ်တော့မှ အရင်လိုပြန်မဖြစ်တော့တဲ့ ခန္ဓာကိုယ်နဲ့ ဆက်လက်ရှင်သန်ရတဲ့ အချိန်ကျမှ တကယ့်ဝေဒနာခံစားရမှုက စတင်တာပါ။
တခါတရံမှာ ကိုယ်လက်အစိတ်အပိုင်း ဆုံးရှုံးရတာထက် သေလိုက်ရတာကတောင် ပိုမိုလွယ်ကူသယောင် ထင်ရပြီး ဒီအနာတရတွေနဲ့ ဆက်လက်နေထိုင်သွားဖို့ ရွေးချယ်လိုက်တယ် ဆိုတာ အရာအားလုံးကို ခါးစည်းခံလိုက်နိုင်ခြင်းရဲ့ အရှင်းဆုံးပုံစံပါပဲ။
သူရိန်သွေး
Ref: Al Jazeera
(Al Jazeera သတင်းဌာနတွင် ဖော်ပြထားသော Eman Abu Zayed ၏ “In Gaza, death seems easier than amputation” ဆောင်းပါးအား ဆီလျော်အောင် ပြန်ဆိုသည်။)