
မက္ကဆီကိုနိုင်ငံ အရှေ့ပိုင်း၊ ဗေရာခရုဇ်ပြည်နယ်၊ အလာမိုမြို့မှာ နေသူတွေဟာ ရေလွှမ်းမိုးမှုဒဏ် ခံရတဲ့ ပိုက်လိုင်းကနေ ရေနံစိမ်းတွေ ယိုဖိတ်မှုကြောင့် ဒေသတွင်း ချောင်းတွေမှာ ပြင်းထန်တဲ့ ရေညစ်ညမ်းမှုနဲ့ ရင်ဆိုင်နေကြရပါတယ်။
မက္ကဆီကို အရှေ့ပိုင်းမှာ မကြာသေးမီက မိုးသည်းလို့ မြေပြိုတာတွေနဲ့ မြစ်ချောင်းတွေ ရေလျှံတာတွေကြောင့် ပီးမက်စ် ပိုက်လိုင်း ပျက်စီးခဲ့ပါတယ်။
ယိုစိမ့်မှုကြောင့် ဗေရာခရုဇ်ပြည်နယ်ထဲက ရေကြီးမှုဒဏ် အခံရဆုံးဒေသတွေထဲက တခုဖြစ်တဲ့ အလာမိုမြို့နားက ပန်တေပက် မြစ်တလျှောက်မှာ မက္ကဆီကိုနိုင်ငံပိုင် ရေနံကုမ္ပဏီက လက်မ ၃၀ ပိုက်လိုင်း ပေါက်သွားခဲ့ပါတယ်။
သန့်စင်ရေးဝန်ထမ်းတွေက ယိုဖိတ်မှုကို တားဖို့ ကြိုးပမ်းနေတုန်း ရေနံအမှိုက်တွေနဲ့ အကြွင်းအကျန်တွေ ရေမျက်နှာပြင်ပေါ်မှာ မျောနေတာကို ရိုက်ကူးထားတဲ့ ဒရုန်းဗီဒီယိုဖိုင်ကို အောက်တိုဘာ ၂၂ ရက်မှာ ပြသခဲ့ပါတယ်။
ကုမ္ပဏီက ပိုက်လိုင်းကို ပြုပြင်ပြီး မီတာ ၆၅၀ ကျော်မှာ ရေနံစုပ်ယူနိုင်တဲ့ အတားအဆီး ၄၈ ခုနဲ့ ပင်လယ်ရေကြောင်း အတားအဆီး ၁၃ ခု အပါအဝင် ရေနံအတားအဆီးတွေကို တပ်ဆင်ခဲ့ပြီးတဲ့နောက် ယိုစိမ့်မှုကို အောက်တိုဘာ ၂၁ ရက်မှာ တားဆီးခဲ့တယ်လို့ ပီးမက်စ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြုပြင်ပြီးတဲ့နောက် ပိုဇာရီကာ မာဒေရို ပိုက်လိုင်းက အင်္ဂါနေ့မှာ လုပ်ငန်း ပြန်လည်ပတ်ခဲ့တယ်လို့ ရေနံကုမ္ပဏီက ပြောခဲ့ပါတယ်။
Source: Reuters




