
ဂျာမနီနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးကြောင့် အချိန်တိုအတွင်းမှာ ကြိုးကြာငှက်ကောင်ရေ ၁,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဇီဝဗေဒပညာရှင် နော်ဘတ်ရှနီးဗိုက်စ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဂျာမနီနိုင်ငံ အရှေ့မြောက်ဘက်ရှိ လီနွန်မြို့အနီးမှာတော့ အကာအကွယ်ဝတ်စုံတွေ၊ ပစ္စည်းတန်ဆာပလာတွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ အောက်တိုဘာ ၂၂ ရက်မှာ မြက်ခင်းပြင်တွေနဲ့ ရေတိမ်ရေစပ်တွေကနေ ကြိုးကြာငှက်သေတွေကို ဆွဲထုတ်၊ စုပုံပြီး သယ်ဆောင်သွားကြပါတယ်။
ဒီငှက်တွေ စုဝေးကြတဲ့နေရာကို စီမံခန့်ခွဲရာမှာ စေတနာ့ဝန်ထမ်းအများအပြားနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တာ ၂၅ နှစ်ရှိပြီဖြစ်ပြီး ဒီလိုကပ်ဘေးမျိုးကို တခါမှ မကြုံဖူးပါဘူးလို့ ဇီဝဗေဒပညာရှင် နော်ဘတ် ရှနီးဗိုက်စ်က ပြောပါတယ်။
“ကျနော်တို့အမြင်အရ ဒါဟာ ငှက်တွေရဲ့ ပင်မအနားယူရာနေရာတွေကို ထိခိုက်စေတာကြောင့် တကယ့်ဘေးဥပဒ်တခုပါပဲ။ ဒီကနေမှ ငှက်အုပ်ကြီးဟာ တခြား အနားယူတဲ့နေရာကို ဆက်သွားကြပြီး ဂျာမန်ကနေ ကီလိုမီတာ ၂,၀၀၀ အကွာက ပြင်သစ်အလယ်ပိုင်း၊ အဲဒီကနေမှ အချိန်တိုအတွင်း စပိန်နိုင်ငံကို ဆက်သွားကြတာ။”
ငှက်တွေအနားယူရာ တခြားနေရာတွေမှာလည်း ငန်းတွေ၊ ကျီးကန်းတွေအပြင် တခြားမျိုးစိတ်တွေလည်း အလားတူ သေဆုံးနေတာ တွေ့မြင်ခဲ့ရကြောင်းလည်း ဘရန်ဒန်ဘာ့ဂ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီမှာ ရင်းန်လိုဟ် မျိုးစိတ်ကျွမ်းကျင်မှုစင်တာကို ဦးဆောင်နေတဲ့ ရှနီးဗိုက်စ်စ်က ပြောပါတယ်။
ဒါက အစာကွင်းဆက်တွေမှာ နောက်ထပ်ပျံ့နှံ့သွားတာကို ပြနေတာဖြစ်ပြီး အိမ်မွေးကြက်တွေ၊ ကြက်ခြံတွေ၊ ဘဲငန်းခြံ စသဖြင့် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှုတွေအကြောင်း ဘရန်ဒန်ဘာ့ဂ်မှာ နေ့စဉ် သတင်းတွေ ကြားနေရပြီလို့လည်း ဆိုပါတယ်။
မွေးမြူရေးတိရစ္ဆာန် ကျန်းမာရေးကို အဓိကထား သုတေသနပြုတဲ့ ဂျာမန် (FLI) အဖွဲ့အစည်းက ပြည်နယ် ၄ ခုက ပေးပို့လာတဲ့ နမူနာတွေမှာ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး H5N1 အမျိုးအစားခွဲကို တွေ့ရှိကြောင်း သံသယကို အတည်ပြုခဲ့ပါပြီလို့ အောက်တိုဘာ ၂၀ ရက်မှာ ကြေညာပါတယ်။
FLI အဖွဲ့အစည်းဟာ ကြက်ဘဲမွေးမြူသူတွေကို သူတို့ရဲ့ ကြက်ဘဲတွေနဲ့ တောရိုင်းငှက်တွေ ထိတွေ့ခြင်းမှ ကာကွယ်လို့ရအောင် သင့်လျော်တဲ့ အစီအမံတွေကို ပြုလုပ်ဖို့ အလေးအနက် အကြံပြုထားပါတယ်။
Source: Reuters


