Home
နိုင်ငံတကာ
ရုရှားဒရုန်းများကို ပစ်ချရန် ဂျာမနီအစိုးရက ရဲတပ်ဖွဲ့ကို ခွင့်ပြု
DVB
·
October 9, 2025
Photo: Reuters

ရုရှားရဲ့ ပေါင်းစပ်စစ်ပွဲလို့ ဥရောပခေါင်းဆောင်တချို့က စွပ်စွဲထားတဲ့၊ ဥရောပက လေဆိပ်တွေကို အနှောင့်အယှက်ပေးနေတဲ့ မောင်းသူမဲ့ ဒရုန်းတွေကို ပစ်ချဖို့ ဂျာမနီအစိုးရက ရဲတပ်ဖွဲ့ကို အခွင့်အာဏာ ပေးအပ်မှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၈ ရက်မှာ အစိုးရအဖွဲ့က သဘောတူညီခဲ့တဲ့ ဥပဒေသစ်ဟာ ပြင်းထန်တဲ့ ခြိမ်းခြောက်မှု ဒါမှမဟုတ် အန္တရာယ်ပြုမှုကိစ္စရပ်တွေမှာ ပစ်ချခြင်း အပါအဝင် ဂျာမနီ လေပိုင်နက်ကို ချိုးဖောက်တဲ့ ဒရုန်းတွေကို ချေမှုန်းဖို့ ရဲတွေကို အတိအလင်း ခွင့်ပြုထားပါတယ်။

မောင်းသူမဲ့လေယာဉ်တွေကို ပစ်ချဖို့ တခြားနည်းပညာတွေနဲ့ ထိန်းချုပ်မှု၊ လမ်းကြောင်းပြလင့်ခ်တွေကို ဖြတ်တောက်ဖို့ လေဆာရောင်ခြည်တွေကို သုံးတာ ဒါမှမဟုတ် တန်ပြန်ရေဒီယိုအသံလွှင့် ဖြတ်တောက်တာတွေ ပါပါတယ်။

ပြည်ထောင်စုရဲတပ်ဖွဲ့က ဒရုန်းအန္တရာယ်တွေကို တိုက်ဖျက်ဖို့ ခေတ်မီနည်းပညာကို အသုံးပြုခွင့်ပေးထားတယ်လို့ ဂျာမန်ပြည်ထဲရေးဝန်ကြီး အလက်ဇန်းဒါး ဒိုဘရင့်ထ်က ဘာလင်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဂျာမန်ပြည်ထောင်စု ရဲတပ်ဖွဲ့အတွင်း အထူးသီးသန့် ဒရုန်းတိုက်ဖျက်ရေး တပ်ဖွဲ့တဖွဲ့ကို ဖန်တီးမယ်လို့ ဒိုဘရင့်ထ်က ပြောကြားခဲ့ပြီး ဒရုန်းနည်းပညာက ပိုအဆင့်မြင့်လာလို့ သုတေသီတွေက အစ္စရေး၊ ယူကရိန်းတို့နဲ့ တိုင်ပင်ဆွေးနွေးမှာလည်း ဖြစ်ပါတယ်။

ဂျာမနီရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ မြူးနစ်လေဆိပ်မှာ ဒရုန်းနဲ့ နှောင့်ယှက်မှုကြောင့် အောက်တိုဘာ ၃ ရက်က လေကြောင်းခရီးစဉ် ဒါဇင်များစွာကို လမ်းကြောင်းပြောင်းတာနဲ့ ဖျက်သိမ်းတာတွေ လုပ်ခဲ့ရပြီးတဲ့နောက် ခရီးသည် ၁၀,၀၀၀ ကျော် သောင်တင်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဂျာမနီနိုင်ငံဆီ ပျံသန်းလာတဲ့ ဒရုန်းများစွာရဲ့ နောက်ကွယ်မှာ ရုရှား ရှိနေတယ်လို့ ယူဆပေမဲ့ ဘယ်ဒရုန်းမှာမှ လက်နက်တပ်ဆင်ထားတာ မရှိကြောင်းနဲ့ ကင်းထောက်ဒရုန်းတွေထက်တော့ နည်းပညာသာလွန်တယ်လို့ ဂျာမနီအဓိပတိ ဖရက်ဒရစ်ချ် မားဇ်က ပြောပါတယ်။

လေပိုင်နက်ကို ချိုးဖောက်နေတဲ့ ဒရုန်းတွေကို ဖြိုခွင်းဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို ဂျာမနီဟာ ဗြိတိန်၊ ပြင်သစ်၊ လစ်သူယေးနီးယားနဲ့ ရိုမေးနီးယားတို့ အပါအဝင် ဥရောပနိုင်ငံတွေက မကြာသေးမီကမှ အခွင့်အာဏာ ပေးထားခဲ့ပါတယ်။ ဂျာမနီက အခုဥပဒေသစ်အရ အဲဒီဥရောပနိုင်ငံတွေနဲ့ ပူးပေါင်း ချိတ်ဆက်ခဲ့တာပါ။

ဂျာမနီနိုင်ငံမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာလကုန်အထိ လေကြောင်းသွားလာမှုမှာ မောင်းသူမဲ့လေယာဉ်နဲ့ ဆက်နွှယ်တဲ့ အနှောင့်အယှက် ၁၇၂ ကြိမ်ကို ရင်ဆိုင်ခဲ့ရပြီး မနှစ်က အလားတူကာလမှာ ၁၂၉ ကြိမ်နဲ့ ၂၀၂၃ ခုနှစ်မှာ ၁၂၁ ကြိမ် ရင်ဆိုင်ခဲ့ရတယ်လို့ ဂျာမန် လေကြောင်းခရီးစဉ် ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီ ဒွိုက်ချက်ဖ်ဖလုဇေရှန်ဟုံ (DFS) ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013