
လွန်ခဲ့တဲ့ ၃ နှစ်က နော့ဒ်စထရင်းမ် ဓာတ်ငွေ့ပိုက်လိုင်းကို ဖျက်ဆီးခဲ့တဲ့ ပေါက်ကွဲမှုတွေအတွက် ဂျာမနီက လိုချင်တဲ့ ယူကရိန်းအမျိုးသားတယောက်ကို လွှဲပေးဖို့ ပိုလန်နိုင်ငံက စိတ်မဝင်စားဘူးလို့ ပိုလန်ဝန်ကြီးချုပ်က ဝါဆောမြို့တော်မှာ အောက်တိုဘာ ၇ ရက်က ပြောပါတယ်။
လစ်သူယေးနီးယားဝန်ကြီးချုပ်အသစ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပိုလန်ဝန်ကြီးချုပ်က ပြောခဲ့တာပါ။
“နော့ဒ်စထရင်းမ်တူး ပြဿနာဟာ ပေါက်ကွဲသွားတာ မဟုတ်ပေမဲ့ ရုရှားနိုင်ငံက ကျနော်တို့နိုင်ငံသာမက ဥရောပနိုင်ငံအားလုံးရဲ့ အရေးပါတဲ့ အကျိုးစီးပွားတွေကို ဆန့်ကျင်ပြီး ပိုက်လိုင်းတွေကို တည်ဆောက်ခဲ့တာ။”
စက်တင်ဘာလ နှောင်းပိုင်းမှာ ဝါဆောမြို့နားမှာ ထိန်းသိမ်းခံထားရတဲ့ ဗိုလိုဒီမီယာဇက်ကို လွှဲပေး မပေးဆိုတာကို နောက်ဆုံးမှာ တရားရုံးက ဆုံးဖြတ်ရမယ်လို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တက်စ်ခ်က ပြောပါတယ်။
ဒါပေမဲ့ ဥရောပက ရုရှားစွမ်းအင်အပေါ် အလွန်အမင်း မှီခိုအားထားနေရတဲ့ သော့ချက်လို့ ပြောရင်း ပိုက်လိုင်းတွေအပေါ် ပိုလန်အစိုးရက ကာလကြာရှည် ဆန့်ကျင်တယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ဂျာမန်အာဏာပိုင်တွေက ချက်ချင်းမတုံ့ပြန်ခဲ့ပါဘူး။
ဖမ်းမိထားတဲ့ ယူကရိန်း အမျိုးသားကို ဥရောပ ဖမ်းဝရမ်းအရ ဂျာမနီနိုင်ငံဆီ လွှဲပြောင်းပေးမလား ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နေဆဲကာလမှာ သူ့ကို နောက်ထပ် ရက်ပေါင်း ၄၀ ထိန်းသိမ်းထားရမယ်လို့ ပိုလန်တရားရုံးက တနင်္လာနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်က ပေါက်ကွဲမှုတွေဟာ ဖောက်ခွဲဖျက်ဆီးရေး လုပ်ရပ်တခုအဖြစ် ရုရှားနဲ့ အနောက်နိုင်ငံ အစိုးရတွေက ဖော်ပြကြပြီး စွမ်းအင်ထောက်ပံ့မှုကို အခက်ကြုံစေခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုအတွက် ဘယ်သူကမှ တာဝန်မယူဘဲ ယူကရိန်းက ဘယ်လိုအခန်းကဏ္ဍကမဆို ငြင်းဆိုထားပါတယ်။ ဖမ်းခံရသူရဲ့ ပိုလန်ရှေ့နေက သူ့အမှုသည်မှာ အမှားအယွင်းမရှိခဲ့ဘဲ အပြစ်မရှိဘူးလို့ပြောခဲ့ပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ဒိန်းမတ်နိုင်ငံ ဘွန်းဟွန်းကျွန်းအနားမှာ ရုရှားကနေ ဂျာမနီဆီ သွယ်တန်းထားတဲ့ ပိုက်လိုင်းပေါ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ခဲ့တဲ့ ရေငုပ်သမားဟာ ရွက်လှေငှားတယ်လို့ သံသယရှိသူတွေနဲ့ တဖွဲ့တည်း အဖွဲ့ဝင်တယောက်လို့ ဂျာမနီထိပ်တန်း အစိုးရရှေ့နေရုံးက အစောပိုင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တိုက်ခိုက်မှုကို ကျူးလွန်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တဲ့ ဖောက်ခွဲဖျက်ဆီးမှု တွေကို သူဟာ ရင်ဆိုင်နေရတယ်လို့ ဂျာမန်အစိုးရရှေ့နေတွေက ပြောပါတယ်။
Source: Reuters