
အောက်တိုဘာဖတ်စ် ကမ္ဘာ့အကြီးဆုံး ဘီယာပွဲတော်ကို ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ စက်တင်ဘာ ၂၀ ရက်ကနေ အောက်တိုဘာ ၅ ရက်အထိ ကျင်းပနေပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့မှာတော့ ပွဲတော်အထိမ်းအမှတ် ဝတ်စုံပြည့် စီတန်းလှည့်လည်ပွဲ ကျင်းပခဲ့ပါတယ်။
ပွဲတော်ဒုတိယနေ့အဖြစ် ရိုးရာ ဘာဗေးရီးယန်းဝတ်စုံတွေ၊ လေမှုတ်တူရိယာတွေ၊ မြင်းလှည်းတွေနဲ့ စီတန်းလှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။
စီတန်းလှည့်လည်ရာမှာ မြူးနစ်မြို့က ဘီယာချက်စက်ရုံ ၆ ခုရဲ့ အလှပြယာဉ်တွေ၊ မြို့ရဲ့ အမှတ်အသားဖြစ်တဲ့ အနက်နဲ့ အဝါရောင် “Münchner Kindl” ဝတ်စုံ ဝတ်ဆင်ထားသူတွေနဲ့ ၁၅ ရာစုကတည်းက အစဉ်အလာရှိခဲ့တဲ့ မာရက်စ်ကာ (Moresca dance) ကို ကပြတဲ့ အကအဖွဲ့တွေလည်း ပါဝင်ခဲ့ပါတယ်။
ထုံးစံအတိုင်း အမျိုးသားတွေက “လီဒါဟိုဆန်” (Lederhosen) လို့ခေါ်တဲ့ သားရေဘောင်းဘီတို ဒါမှမဟုတ် ဒူးဖုံးဘောင်းဘီကို အကွက်ရှပ်အင်္ကျီ၊ ခြေအိတ်ရှည်တွေနဲ့ တွဲဖက်ဝတ်ဆင်ကြပါတယ်။
တောင်ပေါ်ဒေသရဲ့ အမှတ်အသားဖြစ်တဲ့ အမွေးတပ်ထားတဲ့ ဦးထုပ်တွေကိုလည်း ဆောင်းထားကြပါတယ်။
အမျိုးသမီးတွေကတော့ “ဒါးန်ဒဲလ်” လို့ခေါ်တဲ့ ရင်စည်းကြိုးသိုင်းပါ ဂါဝန်ကို ဝတ်ဆင်ကြပြီး ခါးစည်းအေပရွန် ပါဝင်တာက သူ့ရဲ့အမှတ်အသား ဖြစ်ပါတယ်။
ရိုးရာအစဉ်အလာအရ ခါးစည်း အေပရွန်ရဲ့ ဖဲကြိုးကို ဘယ်ဘက်မှာ ချည်ထားရင် အပျိုဖြစ်ကြောင်းပြပြီး ညာဘက်မှာ ချည်ထားရင် အိမ်ထောင်ရှိကြောင်း ပြပါတယ်။
ဒီနှစ်ဟာ ပွဲတော် အနှစ် ၁၉၀ ပြည့်မြောက်တဲ့နှစ်ဖြစ်ပြီး ပွဲတော်စတင်ဖွင့်လှစ်တဲ့ စနေနေ့မှာ ရာသီဥတုက ပုံမှန်မဟုတ်ဘဲ အပူချိန် ၂၈ ဒီဂရီ စင်တီဂရိတ် အထိ မြင့်တက်ခဲ့ပါတယ်။
Source: Reuters