
မြင်းစီးရတာထက် ခက်ခဲတဲ့ နွားစီးပြိုင်ပွဲကို ဂျာမနီနိုင်ငံတောင်ပိုင်း၊ ဟောင်ရှိုးဖန်းမြို့မှာ လေးနှစ်တကြိမ် ကျင်းပလေ့ရှိပါတယ်။
၁၉၈၃ ခုနှစ်ကတည်းက အပျော်သဘောနဲ့ စတင်ကျင်းပခဲ့တဲ့ ဒီပွဲစဉ်ဟာ ဒီနှစ်မှာ ၁၀ ကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။
နွားစီးသမားတွေက ကုန်းနှီးလုံးဝမပါဘဲ နွားကိုဆွဲဖို့ ဇက်ကြိုးတခုတည်းကိုပဲ အားကိုးပြီး စီးရတာ ဖြစ်ပါတယ်။
နွားစီးပြိုင်ပွဲနဲ့အတူ ရိုးရာချီတက်ပွဲနဲ့ ဘီယာ၊ ဂီတတွေနဲ့ ဖျော်ဖြေတဲ့ ပွဲတော်တဲကြီးလည်း ပါဝင်ပါတယ်။
ဗိုလ်လုပွဲနဲ့ အကြိုဗိုလ်လုပွဲတွေ မတိုင်ခင်မှာ ခြေစစ်ပွဲ ၅ ပွဲ ကျင်းပခဲ့ပြီး စုစုပေါင်း နွားစီးသမား ၂၄ ယောက်မှာ အမျိုးသမီး ၂ ယောက်ပဲ ပါဝင်တယ်။
နွားက ခုန်ပေါက်နေတာကြောင့် ပြုတ်မကျသွားအောင် တိရစ္ဆာန်ရဲ့ကိုယ်ပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ဖိကပ်ထားရတယ်လို့ အသက် ၃၃ နှစ်အရွယ် ပြိုင်ပွဲဝင် အန်နာ စတိုက်ဒယ်လ်က ပြောပါတယ်။ စတိုက်ဒယ်လ်ဟာ ခြေစစ်ပွဲမှာ အနိုင်ရခဲ့သူတွေထဲက တယောက်ဖြစ်ပါတယ်။
မြင်းပွဲတွေမှာလိုပဲ ပရိသတ်တွေကလည်း သူတို့ကြိုက်တဲ့နွားကို လောင်းနိုင်ပါတယ်။ သင်းကွပ်ထားတဲ့ နွားထီးတွေကို စီးပြီးတော့ ပြိုင်ရတာဖြစ်ပါတယ်။
မြင်းတွေနဲ့ မတူတာက ဒီနွားတွေဟာ ပုံမှန်အားဖြင့် ပြေးချင်တဲ့စိတ်မရှိတာကြောင့် ဝေးဝေးသွားအောင် မနည်းချော့ခိုင်းရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တိရစ္ဆာန်ညှဉ်းပန်းသလိုဖြစ်မှာစိုးတဲ့အတွက် တုတ်၊ ကြာပွတ်နဲ့ ချွန်ထက်တဲ့ အရာတွေ သုံးပြီး ဖိအားပေး ပြေးခိုင်းတာကို တားမြစ်ထားပါတယ်။
Source: Reuters