
ယူကရိန်းကို ဂရစ်ပန် ဂျက်လေယာဉ် ၁၅၀ ပေးပို့မယ့် သဘောတူညီချက်ကို ဆွီဒင်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဆွီဒင်ဝန်ကြီးချုပ်ဟာ ယူကရိန်းသမ္မတဇလန်းစကီးနဲ့ အောက်တိုဘာ ၂၂ ရက်က ဆွီဒင်နိုင်ငံတောင်ပိုင်း လင်ရှာပင်မှာ တွေ့ဆုံခဲ့ပြီး JAS 39 ဂရစ်ပန် ဖိုက်တာလေယာဉ်တွေ ထုတ်လုပ်ရာနေရာ ဆတ်ဘ်ကို လည်ပတ်ခဲ့ပါတယ်။
ဆတ်ဘ်မှာ ဂရစ်ပန်လေယာဉ်တွေ၊ လေယာဉ်စောင့်ကြည့်ရေးစနစ်၊ ဒုံးစနစ်၊ တင့်ကားဖျက်လက်နက်တွေနဲ့ အခြား စက်ကိရိယာတွေ ထုတ်လုပ်ပါတယ်။
ဆွီဒင်ဝန်ကြီးချုပ် ခရစ္စတယ်ဆန်က လေကြောင်း ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ၂ နိုင်ငံ ကာလရှည် စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဲဒီပူးပေါင်းဆောင်ရွက်မှုမှာ လေကြောင်း ကာကွယ်ရေးသဘောတူညီမှုတွေ ပါဝင်ပါတယ်။ သဘောတူညီချက်အရ ဂရစ်ပန်ဂျက်လေယာဉ် ၁၅၀ ယူကရိန်းကို ပေးပို့ရမှာဖြစ်ပြီး ဒီပေးပို့မှုဟာ ဆွီဒင်နိုင်ငံသမိုင်းတလျှောက် အကြီးမားဆုံး လေယာဉ်တင်ပို့ အမှာစာ ဖြစ်လာပါတယ်။
ဆွီဒင်ဝန်ကြီးချုပ် ခရစ္စတယ်ဆန်က “ဒီနေ့ စာက လှူဒါန်းတာထက်ပိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ စာမျိုးပါ။ ဒါက ယူကရိန်းနဲ့ ကျနော်တို့ နိုင်ငံကြား လေကြောင်း ကာကွယ်ရေးအတွက် ကာလရှည် ပူးပေါင်းဆောင်ရွက်မှုနဲ့ ကာကွယ်ရေးအတွက် ဖြစ်ပါတယ်။ ဂရစ်ပန် E မော်ဒယ် လေယာဉ် ၁၀၀ ကနေ ၁၅၀ ကြား စပြီး ထုတ်လုပ်သွားမှာပါ။ ဒါက ယူကရိန်း လေတပ်အင်အား ပိုပြီး အားကောင်းအောင် တည်ဆောက်ဖို့ မှာကြားတာပဲဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဂရစ်ပန်ဂျက်လေ ယာဉ်တွေကို ယူကရိန်းနိုင်ငံက လာမယ့်နှစ်မှ စတင်လက်ခံရဖို့ မျှော်လင့်ထားပါတယ်။ ဂရစ်ပန် ဂျက်လေယာဉ်စမ်းသပ်မောင်းနှင်မှုတွေကို ယူကရိန်း လေယာဉ်မှူးတွေ လေ့ကျင့်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဂရစ်ပန်ဂျက်လေယာဉ်တွေဟာ အမေရိကန်ထုတ် F-35 လေယာဉ်တွေနဲ့ ယှဉ်ရင် အကြမ်းခံမှုနဲ့ ဈေးနှုန်းသက်သာတယ်လို့လည်း ဖော်ပြပါတယ်။
Source: Reuters


