Home
မြန်မာသတင်း
သီပေါတွင် စာသင်ကျောင်းများ ပြန်ဖွင့်ပြီး ဌာနဆိုင်ရာရုံးအချို့ ပြန်လည်ပတ်
DVB
·
October 23, 2025
Photo: MOI

စစ်ကောင်စီ ပြန်လည်သိမ်းယူထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့ပေါ်မှာ အောက်တိုဘာ ၂၂ ရက်ကစ အခြေခံပညာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ပြီး ဌာနဆိုင်ရာ ရုံးတချို့လည်း ပြန်လည်ပတ်နေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။ 

သီပေါ ဒေသခံ အမျိုးသမီးတယောက်က “ကျောင်းလည်း မနေ့ အောက်တိုဘာ ၂၂ ရက်နေ့ စဖွင့်တာ။ တကျောင်းထဲမှာပေါ့။ လောလာဆယ် စဖွင့်ပြီးမှ ကျောင်းတွေ ပြန်ခွဲပေးမှာတဲ့။ ထွေအုပ်နဲ့ မှတ်ပုံတင် အပါအဝင် အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဘုန်းတော်ကြီးကျောင်း တကျောင်းမှာ စတင်ဆောင်ရွက်ပေးနေပြီး  မှတ်ပုံတင်ကတ် ပြန်လည်လဲလှယ်တာတွေ အသစ်ထုတ်ပေးတာတွေ ပြုလုပ်ပေးနေလို့။ မိုင်တဲ ဖုန်းလိုင်းကတော့ သီပေါမြို့ထဲ စစ်ကောင်စီတွေ စဝင်ဝင်ရောက်လာတာနဲ့ ရရှိပြီး MPT ဖုန်းလိုင်းက အောက်တိုဘာ ၂၁ ရက် ညနေပိုင်းကစပြီး ရတယ်” လို့ ပြောပါတယ်။ 

သီပေါမြို့မှာ မှတ်ပုံတင်ပြုလုပ်တာ၊ လဲလှယ်တာ၊ အိမ်ထောင်စုစာရင်း လုပ်တာ၊ မွေးတိုး စာရင်းထည့်တာတွေ လုပ်ပေးပြီလို့  ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ 

သီပေါမြို့က ကုန်းတော်ပရိယတ္တိစာသင်တိုက်မှာ ကျောက်မဲမြို့နယ် လဝက ရုံးဝန်ထမ်းတွေက ယာယီရုံးခွဲဖွင့်ပြီး လုပ်ပေးနေတယ်လို့ ဆိုပါတယ်။ 

ဌာနဆိုင်ရာရုံးတွေ ပြန်လည် လည်ပတ်နေပြီဖြစ်ပေမဲ့ ရုံးခန်းတွေမှာ မဟုတ်ဘဲ တခြား နေရာတွေမှာ ယာယီဖွင့်ထားတာတွေ့ရတယ်လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။ 

“ရွေးကောက်ပွဲလုပ်ဖို့ အဓိကဖြစ်နေတာတွေ့ရပြီး ဝင်လာတဲ့ စစ်ဘေးရှောင်တွေရဲ့ စာရင်းတွေလည်း အကုန်ယူနေသလို မလာသေးတဲ့ စစ်ရှောင်တွေကိုလည်း နောက်အစီအစဉ်တခုလို့ ပြောတယ်။”

သီပေါမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းအပ် ဆက်လက်လက်ခံပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနကို သီပေါမြို့၊ ကုန်းတော်ပရိယတ္တိစာသင်တိုက်မှာ ယာယီရုံးခွဲဖွင့်လှစ်ကာ အိမ်ထောင်စုစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးနေတယ်လို့ စစ်ကောင်စီပြန်ကြားရေးက  သတင်းထုတ်ပါတယ်။ 

သီပေါမြို့နယ်ကို TNLA ထိန်းချုပ်ထားရာကနေ စစ်ကောင်စီတပ်က အခုလ အောက်တိုဘာ ၁၆ ရက်ညက ပြန်လည်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013