
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထီးဖိုးစံကျေးရွာရှိ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က Y 12 လေယာဥ်နဲ့ အောက်တိုဘာ ၂၀ ရက် နေ့လယ် ၃ နာရီလောက်မှာ ဗုံးကြဲသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ထီးဖိုးစံကျေးရွာသားတယောက်က “ရွာတွင်းနဲ့ ရွာအနီးမှာ ဗုံးသီးပစ်ချတာရှိတယ်။ ရွာတွင်းမှာဆိုတော့ စာသင်ကျောင်း ထိခိုက်ပျက်စီးတာတွေရှိသလို ဘုန်းတော်ကြီးကျောင်းလည်း ထိတယ်။ ပတ်ကြဲတာပဲ ၃ နာရီကျော်တယ်။ သွားလိုက် ပြန်လာပစ်လိုက်နဲ့ ရွာပေါင်းများစွာ စစ်ရှောင်နေရတဲ့ နေရာဆိုတော့ စိုးရိမ်ရတာပေါ့။ အခုဆိုရင် ရွာသွားတွေက ကျင်းတွင်းထဲမှာ နေတော့ ထိခိုက်မှုတွေကတော့ အခုထိ မသိရသေးဘူး”လို့ ပြောပါတယ်။
ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကျုံဒိုးချောင်းဖျား၊ ကျုံဘိုင်း၊ နန်းကော်တေး၊ မြပတိုင်နိုင်ရွာစတဲ့ ကျေးရွာတွေက ရွာသားတွေ စစ်ဘေးရှောင်နေကြရ ပါတယ်။




