စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ထန်းပုရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အောက်တိုဘာ ၂၀ ရက် ညနေ ၅ နာရီကျော်က စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ ပြည်သူတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာပြင်းထန်ရရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ထန်းပုရွာကို ဗုံးကြဲတဲ့ စက်တပ်လေးထီးယာဉ်ဟာ နမခစစ်တပ်အတွင်းကနေ လာရောက် ကြဲချသွားတာလို့လည်း သိရပါတယ်။
ပါရာမော်တာ ၂ စီးနဲ့ ထန်းပုရွာကို တလုံး၊ တခြားတနေရာကို ၂ လုံး ကြဲချပြီး တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားတာမှာ ထန်းပုရွာက အသက် ၂၃ အရွယ်နဲ့ ၂၂ အရွယ် လင်မယား ၂ ယောက်နဲ့ အသက် ၅၀ အရွယ် အမျိုးသားတယောက် ထိခိုက်သွားတယ်လို့ ဒေသခံရွာသားတယောက်ကပြောပါတယ်။
“လင်မယား ၂ ဦးထဲက ယောကျ်ားကတော့ ပေါင်အရင်းကနေ ပြတ်ထွက်ဒဏ်ရာရပြီး သွေးထွက်လွန်ပြီး သေဆုံးသွားပြီဗျ။ အမျိုးသမီးကတော့ ပေါင်ဒဏ်ရာရသွားတယ်။ အသက် ၅၀ အရွယ် အမျိုးသားကတော့ ဒူးခေါင်းအောက်ဘက် ပြတ်ထွက်ဒဏ်ရာ ရခဲ့တယ်။”
ထန်းပုရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး ဆားလင်းကြီးမြို့ရဲ့ မြောက်ဘက်မှာ တည်ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်က “တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့ နေရာနဲ့ အတော်ဝေးပါတယ်။ စစ်တပ်စိုးမိုးနယ်မြေဖြစ်တဲ့ ဆားလင်းကြီးမြို့နဲ့လည်း မဝေးဘူး။ ပြောချင်တာကဗျာ အဲလိုအခြေအနေရှိတဲ့ရွာကို ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေ လှုပ်ရှားတာလည်း မရှိဘူးလေ။ ဒါကို သက်သက်ကြီး ပေါ်ပေါ်တင်တင် စက်တပ်လေထီးနဲ့ ဗုံးကြဲချတာကတော့ တကယ်ကို တရားလွန်ပါတယ်။ လာကြဲချတာက စက်တပ်လေထီး ၂ စီး လာကြဲတာ။ ထန်းပုရွာက ပြည်သူတွေ ထိခိုက်တာ။ နောက်တနေရာကတော့ လူထိခိုက်တာ မရှိဘူးဗျ” လို့ ပြောပါတယ်။
ဇူလိုင် ၂၂ ရက် မနက် ၁၁ နာရီ ၂၀ မိနစ်ခန့်ကလည်း မုံရွာ နမခက တက်လာတဲ့ စက်တပ်လေထီး တစီးက ဆားလင်းကြီးမြို့နယ်၊ ထန်းပုကျေးရွာကို တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ ဗုံးသီး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတယောက် ဒဏ်ရာရရှိခဲ့သလို စာသင်ကျောင်းဆောင်တွေလည်း ပျက်စီးခဲ့ ပါတယ်။






