Home
မြန်မာသတင်း
ဆားလင်းကြီးတွင် စစ်ကြောင်း ၂ ကြောင်းထိုးနေသဖြင့် ဒေသခံအများအပြားတိမ်းရှောင်ရ
DVB
·
October 18, 2025

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်နေပြီး ဒေသခံတွေရဲ့ ဖုန်း၊ ပိုက်ဆံနဲ့ စားသောက်ကုန်တွေကိုပါ လုယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မုံရွာမြို့ကနေ မနေ့ညနေပိုင်းက ကားတွေနဲ့ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဒီမနက်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေတဆင့် ရွာတွေကို စစ်ကြောင်း ၂ ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး ပြည်သူတွေအရေးပေါ် နေရပ်စွန့်ခွာနေကြရပါတယ်။

ညောင်ပင်ကြီးရွာ ဒေသခံတယောက်က “ပလောင်ရွာ၊ ရွှေလှေရွာနဲ့ တုံးတောကျောင်းတွေကို ဝင်နေတာ၊ အင်အား ၅၀ ကျော်လောက်ရှိမယ်။ လက်နက်ခဲယမ်းအစုံပါတယ်။ သူတို့ဝင်သွားတဲ့ ပလောင်နဲ့ ရွှေလှေရွာက ဒေသခံတွေက အလုအယက်ရှောင်တိမ်းနေရပြီး လူနေအိမ်တွေက ဖုန်းတွေ၊ ပိုက်ဆံတွေနဲ့ စားသောက်ကုန်တွေယူပြီး ထွက်သွားတယ်” လို့ ပြောပါတယ်။

စစ်သားအင်အား ၁၅၀ ကျော် ၂၀၀ နီးပါးလောက်ရှိပြီး လယ်တီရွာနာနဲ့ တုံရွာမ ရွာနားကို စစ်ကြောင်းတွေရောက်နေတယ်လို့ ဒေသခံနောက်တယောက်က ပြောပါတယ်။

ဆားလင်းကြီးသပိတ် ခေါင်းဆာင်ကိုအောင်မင်းက “အခု နောက်ဆုံး စစ်ကြောင်းသတင်း update ကတော့  လယ်တီရွာအနီးမှာရှိတဲ့ သိင်္ဂီရွှေဇင်စက်သုံးဆီဆိုင်မှာ တပ်ချနေတယ်လို့ သိထားရတယ်။‌ နောက်တကြောင်းကတော့ တုံရွာထဲကနေထွက်လာပြီး ပျောက်နေတာ။ ထန်း‌တောရွာက‌နေ ဝက်မှေးဘုန်းကြီးကျောင်းထဲမှာ စစ်ရှောင်နေတဲ့သူတွေဆီက ဖုန်းတွေ သိမ်းသွားသလို လူ ၁၀ ယောက်လည်းဖမ်းပြီး လမ်းပြခေါ်သွားသေးတယ်။ အခုက‌တော့ တိုက်ပွဲက‌တော့ မဖြစ်သေးပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးလာတာကြောင့် လက်ပံတောင်းအနီးက ရွှေလှေ၊ ပလောင်၊ ကူးတို့ကုန်း၊ ဝဲကြီး၊ ဝဲကွဲ၊ ဝှက်မှေး၊ ကံတော၊ ဇီးတော၊ ဆည်တဲ၊ သဲ‌တောကြီး၊ လယ်တီ၊ တုံ၊ တောကျောင်း၊ ဖောင်းကတာ၊ ထန်းတောကြီး စတဲ့ ကျေးရွာတွေက ပြည်သူတွေ တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မုံရွာမြို့ဘက်ခြမ်းက မအူပင်စစ်ဆေးရေးဂိတ်ကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ဆားလင်းကြီးနယ်ဘက်ကို ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013