
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံအရပ်သား ၁၁ ယောက်ကို ဖမ်းဆီးပြီး စက်တင်ဘာ ၅ ရက်မှာ တပ်ပြန်ဆုတ်သွားတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဝါစိုက်ပျိုးရေးတပ်ကနေ မဲဇလီရွာဘက်ကို စက်တင်ဘာ ၃ ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေဟာ မနေ့က တိုက်ပွဲဖြစ်ပြီးနောက် အရပ်သား ၁၁ ယောက်ကို ဖမ်းဆီးပြီး ပွင့်ဖြူမြို့နယ်ဘက်ကို တပ်ပြန်ဆုတ်သွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “အခုထိ ပြည်သူတွေလည်း ရွာတွေထဲကို ပြန်မဝင်ရသေးဘူး။ ဘယ်သူတွေပါသွားလဲ၊ ဘယ်သူတွေ ဖမ်းဆီးခံရတယ်ဆိုတာမသိပေမဲ့ စစ်ကြောင်းထဲမှာ ခေါ်လာတာတွေကိုတော့ မျက်မြင်တွေ့ရတယ်။ အင်ကုန်း၊ မဒဲကုန်း၊ ကနီကပြည်သူတွေကို ဖမ်းဆီးထားတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး ဒဏ်ရာရ တပ်သားတွေကို ပွင့်ဖြူဘက်ကို ဆေးကုသမှုခံယူဖို့ခေါ်ယူသွားချိန် မဒဲကုန်းရွာက ဒေသခံအရပ်သား ၃ ယောက်၊ ကနီရွာက ၃ ယောက်နဲ့ အင်းကုန်းရွာက ၅ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ဒေသခံနောက်တယောက်က “ပျူစစ်ကြောင်းတွေ၊ စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ မကြာခဏထိတွေ့မှုဖြစ်တာတွေနဲ့ လက်နက်ကြီးကျမှာကိုလည်း ပြည်သူတွေ စိုးရိမ်နေရတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတချို့လည်းရှိနေတယ်ဆိုတော့ စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
မနေ့က ဝါစိုက်ပျိုးရေးတပ်ကနေဆင်းလာတဲ့ အင်အား ၈၀ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ မြိုင်ပကဖတပ်ပေါင်းစု၊ တပ်ရင်း ၄ တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေတယ်လို့လည်း တော်လှန်ရေးတပ်ဘက်က ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ မဒဲတောင်ရွာ၊ မြောက်ရွာ၊ မဒဲကုန်း၊ ကနီ၊ ကနီရွာသစ်၊ ဇီးကျွန်း၊ ချင်းကုန်း၊ အင်းကုန်း အရှေ့၊ အင်းကုန်း အနောက်၊ ထူးပေါက်၊ ညောင်ပင်ဝိုင်း၊ ဒီကျေးရွာက ဒေသခံတွေ တိမ်းရှောင်နေရကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “တိမ်းရှောင်နေကြရတာ ၃ ရက်မြောက်ဖြစ်သွားပြီ။ တချို့တွေက အိုးခွက်ပန်းကန် မပါဘူး။ စစ်ရှောင်စခန်းတွေ မရှိတဲ့အခါကျတော့ တောထဲမှာပဲ ဖြစ်သလိုနေကြရတယ်။ ပြည်သူသောင်းနဲ့ချီပြီး တိမ်းရှောင်နေကြရတယ်” လို့ ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဟာ မဲဇလီရွာဘက်ကို စစ်ကြောင်းထိုးလာပြီးနောက် ကနီနဲ့ မဒဲရွာမှာ တပ်စွဲနေသလို ကျောင်းကုန်း၊ ရေပုပ်ကြီးကနေထွက်လာတဲ့ ပျူစောထီးစစ်ကြောင်းတွေကလည်း စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။