
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က အောက်တိုဘာ ၁၆ နေ့ကစပြီး စက်တပ်လေထီးတွေနဲ့ ၂ ရက်ဆက်တိုက် ဗုံးကြဲချခဲ့လို့ ပြည်သူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “နတ်တလင်းမြို့နယ်ထဲက တောင်ညိုဆည်လို့ခေါ်တဲ့ အရပ်အခေါ် မကျီးပင်ဆည်ဝန်းကျင်မှာ စစ်တပ်ဘက်က စက်တပ်လေထီးတွေနဲ့ ၂ ရက်ဆက်တိုက်ဗုံးကြဲလို့ ဆရာတော် ၁ ပါး အပါအဝင် ထိခိုက်တဲ့သူတွေများတယ်။ သေဆုံးတာကတော့ ၄ ယောက်လောက်ရှိတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အဲဒီဆည်ဝန်းကျင်ကို တိုက်ပွဲဖြစ်တာမရှိဘဲ အောက်တိုဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့မှာ လေထီးတွေအသုံးပြုပြီး ၂ ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၄ တပ်ခွဲမှူး ကိုလက်ယျာ က “၁၇ ရက်နေ့ နေ့လယ်ပိုင်းလောက်မှာ မကျီးပင်ဆည်ဘောင်ပေါ်မှာရှိတဲ့ ရှင်းလင်းဆောင်ကို ၁ လုံး ကြဲပြီးတော့မှ အောင်သုခစက်လှေဆိပ်နဲ့ သင်္ဘောချည်တိုင် ဘုန်းကြီးကျောင်းကို ဗုံးတွေ ထပ်ကြဲတာဗျ။ ကျောင်းထိုင်ဆရာတော်ရယ် အဲဒီကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေရယ် ၄၊ ၅ ယောက်လောက် ဒဏ်ရာရကြတယ်။ မကျီးပင်ဆည်မှာဗုံးတော့ အဲဒီဆည်နားက မကျီးပင်ရွာက ပြည်သူတွေလည်း ထွက်ပြေးကြရင်း ဗုံးထပ်ကြဲတာခံရလို့ အမေက အသက် ၅၀ ဝန်းကျင်၊ သမီးဖြစ်သူက အသက် ၂၀ ဝန်းကျင်ရှိကြတဲ့ သားအမိ ၂ ယောက် နေရာမှာတင်ဆုံးသွားကြတယ်။ အဲဒီနားက မယင်းရွာစာသင်ကျောင်းကိုလည်း ဗုံး ၂ လုံးထပ်ကြဲတော့ စစ်ရှောင်အမျိုးသား ၁ ယောက်ထပ်ဆုံးတယ်။ သူ့ရဲ့ အသက်အရွယ်ကိုတော့မသိရသေးလို့ စုံစမ်းနေပါတယ်။ စာသင်ဆောင်လည်း လုံးဝပျက်စီးသွားတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း နတ်တလင်းမြို့နယ်ထဲက မကျီးပင်ဆည်နဲ့ ဘုရားတောင်ကျေးရွာကို စက်တပ်လေထီး ၃ စီးနဲ့ ဗုံးကြဲချခဲ့သေးလို့ အသက် ၇၀ အရွယ် အမျိုးသား ၁ ယောက်သေဆုံးပြီး အမျိုးသား ၁ ယောက်ကတော့ ခြေထောက်မှာ ဗုံးစထိမှန်ခဲ့တာကြောင့် ခြေထောက်ဖြတ်ရမယ့် အနေအထားရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့မှာလည်း စက်တပ်လေထီးတွေနဲ့ နတ်တလင်းမြို့နယ်ထဲက ထန်းတောကျေးရွာနဲ့ ကြပ်ညိုကျေးရွာတို့ကို ဗုံးတွေထပ်ကြဲချသွားသေးတဲ့အတွက် ထိခိုက်ပျက်စီးတဲ့ မြေပြင်အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့လည်း ဆိုပါတယ်။
နတ်တလင်းမြို့နယ်ထဲကပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကို ခံနိုင်မယ့် ဗုံးခိုကျင်းတွေ မဖြစ်မနေပြုလုပ်ထားကြဖို့နဲ့ လေယာဉ်သံကြားရင် အပြင်ထွက်ပြီး ပြေးလွှားတာတွေမပြုလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတိပေးထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က မကျီးပင်ဆည်အနီး မကျီးပင်ဂိတ်မှာ အင်အား ၂၀ ကျော်နဲ့ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားကြလို့ ကျန်ခဲ့တဲ့ ခဲယမ်းတွေနဲ့ ရိက္ခာပစ္စည်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းဆည်းရရှိခဲ့ကြပါသေးတယ်။




