Home
မြန်မာသတင်း
ဆီမီးသပိတ် ဗုံးကြဲခံထားရသည့် ချောင်းဦးနယ်ကို ဆေးဝါးနှင့် ရိက္ခာသယ်ခွင့် စစ်ကောင်စီ ပိတ်ပင်
DVB
·
October 17, 2025

အောက်တိုဘာ ၆ ရက်၊ သီတင်းကျွတ်လပြည့်ညက ဗုံးကြဲတိုက်ခိုက်ခံထားရတဲ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အပါအဝင် မုံရွာမြို့တောင်ဘက်ခြမ်းက မြို့နယ်တွေကို စစ်ကောင်စီက ဆေးဝါးနဲ့ ရိက္ခာသယ်ယူခွင့် လုံးဝပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်တုန်းက မုံရွာမြို့ တောင်ဘက်ခြမ်း မြို့နယ်တွေကို စစ်တပ်က ရိက္ခာနဲ့ ဆေးဝါးသယ်ယူတာကို အကန့်အသတ်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ လုံးဝကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

စစ်ကိုင်းဒေသတွင်း မြို့နယ်တော်တော်များများဟာ မုံရွာမြို့ကို ဗဟိုပြုပြီး ကုန်စည်ပို့ဆောင် အသုံးပြုကြရတဲ့အတွက် ဒေသခံပြည်သူတွေဟာ ဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

အဲဒါအပြင် ဆားလင်းကြီး၊ ဝမ်ပေါင်ကြေးနီစီမံကိန်းကတဆင့် ချင်းတွင်းမြစ်ရိုးအတိုင်း ကြေးနီသယ်တဲ့ စစ်ရေယာဉ်တွေဟာ အောက်တိုဘာ ၁၀ ရက်မှာ ချောင်းဦးမြို့နယ်ထဲကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပါတယ်။

ချောင်းဦးဒေသခံ အမျိုးသမီးတယောက်က “မင်းအောင်လှိုင်ကတော့ ကျမတို့ကို သတ်နေမှာပဲ။ ကျမတို့ပြည်သူတွေ သေရင်ပြီးရော၊ သူတို့ကျန်ရင် ပြီးရောဆိုပြီးတော့ သတ်နေပါတယ်။ အခု မုံရွာ့တောင်ဆိုရင် ဆေးဝါးတွေ ထုတ်ပိုင်ခွင့် မရှိတော့ဘူး။ မုံရွာတောင်ဆိုရင် ဆေးဝါးတွေ မဝယ်ရတော့ဘူး။ လပြည့်နေ့ကတည်းက ဒီဘက်ကို ထိမှန်ထားတဲ့ ပြည်သူတွေ ဆေးဝါးမရှိတဲ့အတွက် နေ့တိုင်း နေ့တိုင်း သေပျောက်နေပါတယ်။ သေတာ ၇၀ ကျော်သွားပါပြီ။ နေ့စဉ်လိုလို သေနေတာ။ ဆေးဝါးမပြည့်စုံတဲ့အတွက် ကျမတို့ပြည်သူတွေ ခံစားနေရတယ်။ ဆေးကုသပေးမဲ့သူလည်း မရှိတော့ဘူး။ သူတို့က လက်နက်ကြီးနဲ့ထုတယ်၊ အခု ရေကြောင်းလာတယ်၊ မော်တော်၊ သင်္ဘောတွေရော ၁၅ စီးလာပြီး လက်နက်ကြီးနဲ့ပစ်တယ်၊ လက်နက်ငယ်တွေနဲ့ပစ်တယ်၊ အထက်က လေထီးဝဲပေးတယ်၊ ကျမတို့ ပြည်သူတွေ ဘယ်လောက်ကြီး ခံစားနေရတယ်ဆိုတာ နိုင်ငံတကာလည်း သိစေချင်ပါတယ်။ တချို့ဆို မိသားစုလိုက် ပါသွားတယ်၊ တယောက်တည်းပဲကျန်တယ်။ ကျမတို့ ချောင်းဦးမြို့နယ်မှာ တော်တော် ခံစားနေရပါတယ်။ ဒီ မင်းအောင်လှိုင်ဟာ သားသမီးချင်း ကိုယ်ချင်းစာခဲ့လို့ရှိရင် သူ ဒီလောက်ချမ်းသာနေပါပြီ၊ တော်ပါတော့ နားပါတော့” လို့ ပြောပါတယ်။

ချောင်းဦး ဆီမီးသပိတ် ထိခိုက်ပြည်သူတွေအတွက် စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်က ငွေကျပ် သိန်း ၂၀၀ ကျော်ဖိုး ဆေးဝါးနဲ့ ရိက္ခာထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ အောက်တိုဘာ ၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒေသတွင်းပြည်သူတွေအတွက် ကွန်ရက်က တတ်စွမ်းသရွေ့ ကူညီခဲ့တာဖြစ်ပေမဲ့ ကာလရှည် စားဝတ်နေရေး ကျပ်တည်းနေတဲ့ ပြည်သူတွေအတွက် လုံလောက်တဲ့ပမာဏတော့ မဖြစ်ခဲ့ပါဘူး။

ချောင်းဦးဒေသခံတယောက်က “ဒလန်ကတော့ အမြဲ ဒလန်မှတ်ပါတယ်ဗျာ ကျုပ်ကတော့၊ ခံစားရတာပေါ့ဗျာ၊ ဗရုတ်သုတ်ခ ဒလန် အတိအကျလုပ်သွားလို့မို့ ခံလိုက်ရတဲ့အတွက်ပေါ့ဗျာ။ ကျုပ်တို့က အထိအတွေ့တွေကများနေတော့ ကြံ့ခိုင်မှုတွေက ရှိတော့ရှိတာပေါ့။ ဒါပေမဲ့ မခံချင်စိတ်ကတော့ တော်တော့်ကိုများတယ် ကျုပ်ကတော့။ ရင်ဆိုင်တိုက်ကြစို့ဆိုရင် တိုက်ရဲပါတယ် အကုန်လုံး။ ဘုရားလည်းစော်ကား၊ တရားလည်းစော်ကား၊ သံဃာလည်းစော်ကားပြီးမှ တိရစ္ဆာန်လောက်မှ အဆင့်မရှိတဲ့ကောင်တွေပါဗျာ။ ဒီလိုကောင်တွေက အသိတရား လုံးဝကိုမှ မရှိတဲ့ကောင်တွေ ဖြစ်သွားပါပြီဗျာ” လို့ ပြောပါတယ်။

အောက်တိုဘာ ၆ ရက်၊ သီတင်းကျွတ်လပြည့်ညက စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ ဆီမီးသပိတ်ကို စစ်ကောင်စီက ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံ ၂၀ ကျော် ပွဲချင်းပြီးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တာပါ။

အောက်တိုဘာ ၈ ရက်နေ့မှာ သေဆုံးသူ ၄၀ ထက်မနည်းရှိလာပြီး နောက်ရက်တွေမှာ နေ့စဉ် သေဆုံးသူတွေ ဆက်တိုက်ရှိနေတာ ဖြစ်ပါတယ်။

မြေပြင်မှာတော့ ဒဏ်ရာရသူတွေကို နေရာစုံခွဲပြီး ပို့ဆောင်ကုသပေးနေတဲ့အတွက် ဒေသခံတွေ ပြောဆိုတဲ့ သေဆုံးသူအရေအတွက် ပမာဏဟာ ကွဲပြားမှုရှိနေပါတယ်။

မြေပြင်အခြေအနေ မတည်ငြိမ်မှုတွေနဲ့ ဆက်သွယ်ရေး အခက်အခဲတွေကြောင့် သေဆုံးသူအရေအတွက် အတိအကျကို DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013