
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က နတ်စင်နဲ့ ကျောက်ဖျာရွာကို အောက်တိုဘာ ၁၇ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်တွေပျက်စီးပြီး အရပ်သား ၄ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ခမရ ၅၉၈ တပ်စခန်း တိုက်ပွဲပြီးကတည်းက လေကြောင်းတိုက်ခိုက်မှု မရှိတော့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်မြေထဲက နတ်စင်နဲ့ ကျောက်ဖျာရွာကို ပထမဆုံးအကြိမ် လာရောက်ဗုံးကြဲချတာလို့ ဆိုပါတယ်။
နတ်စင်ရွာ ဒေသခံတယောက်က “ရုတ်တရက်ပဲ ရော့ကက်ဗုံး ၈ လုံးလောက် ပစ်ချသွားတယ် ရွာထဲကို။ ဒေသခံတယောက်ပဲ ဒဏ်ရာရသွားတယ်။ အပြင်းအထန်ကြီးတော့ မဟုတ်ဘူး” လို့ ပြောပါတယ်။
အဲဒီအချိန်ဝန်းကျင်မှာပဲ ကျောက်ဖျာရွာကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်လို့ အမျိုးသမီးတယောက်နဲ့ အမျိုးသား ၂ ယောက်တို့ ဦးခေါင်း၊ ရင်ဘတ်တွေမှာ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ မြို့နဲ့ ၃ မိုင်ပတ်လည်က ရွာတွေကို ဦးတည်တိုက်ခိုက်လာတာလို့ တော်လှန်ရေးရဲဘော်တယောက်က ဆိုပါတယ်။
“သိမ်ဇရပ် အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်တာတွေတော့ ရှိတယ်။ ၅၉၈ ပွဲပြီးကတည်းက လေယာဉ်နဲ့ ဗုံးမကြဲတာ ကြာပြီ။”
KNU တပ်မဟာ ၁ နယ်မြေ၊ ပဲခူးတိုင်း ဝေါမြို့နယ်တွေမှာ စစ်ရေးတည်ငြိမ်နေတာ ၅ လဝန်းကျင် ကြာပြီဖြစ်ပါတယ်။




