ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် KK Park ရှိ ကျားဖြန့်ငွေလိမ်ရာဇဝတ်ဂိုဏ်း လုပ်ငန်းတခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတဲ့အတွက် အောက်တိုဘာ ၂၂ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ ကျားဖြန့်လုပ်သားတွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ နယ်စပ်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေက လက်နက်အပြည့်အစုံနဲ့ အင်အားသုံး ဝင်ရောက်စီးနင်းတဲ့အတွက် ဒီနေ့ မွန်းလွဲပိုင်းမှာ တရုတ်နိုင်ငံသားတွေအပါအဝင် ကျားဖြန့်လုပ်သား ၅၆ ယောက် ထိုင်းနိုင်ငံ ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတာလို့ ဆိုပါတယ်။
အခုဝင်ရောက်စီးနင်းတဲ့ ကျားဖြန့်လုပ်ငန်းဝင်းအတွင်းမှာ တရုတ်နိုင်ငံသားအများစုအပါအဝင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားစတဲ့ နိုင်ငံပေါင်း ၃၀ လောက်က လူအယောက် ၂,၀၀၀ လောက် ကျားဖြန့်ငွေလိမ် လုပ်ငန်းတွေ လုပ်နေကြတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၉ ရက်ကလည်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park ဆိုက်ဘာငွေလိမ်ခြံဝင်းထဲက အဆောက်အအုံတခုကို စစ်တပ်က အယောင်ပြ စီးနင်းမှုတရပ် လုပ်ဆောင်ခဲ့ပြီး Star Link ဆက်သွယ်ရေးပစ္စည်းတချို့ကို သိမ်းဆည်းပြခဲ့ပါတယ်။



















