Home
မြန်မာသတင်း
ထိုင်းနိုင်ငံ၌ မြန်မာလုပ်သားများ CI စာအုပ်လုပ်ရန် ဘတ် ၇,၀၀၀ ခန့် ကုန်ကျနေ   
DVB
·
September 13, 2025

ထိုင်းရောက် မြန်မာလုပ်သားတွေ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ် လုပ်တဲ့အခါ တရားဝင် ကုန်ကျစရိတ် ဘတ် ၂,၆၇၀ ပဲ ရှိပေမဲ့  ပြင်ပမှာတော့ ထိုင်းဘတ်ငွေ  ၆,၀၀၀၊ ၇,၀၀၀ အထိ ပေးနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI စာအုပ်) ပြုလုပ်ဖို့ CI စခန်း ၄ ခုကို စမွတ်စခွန်၊ စမွတ်ပရာပကန်၊ ချင်းမိုင်နဲ့ ဆူရတ်ဌာနီ ခရိုင်တို့မှာ ဩဂုတ် ၆ ရက်ကစပြီး ဖွင့်လှစ် လုပ်ဆောင်ပေးနေပါတယ်။

CI စာအုပ် အသစ်လဲ၊ သက်တမ်းတိုးမယ့် အလုပ်သမားတွေအနေနဲ့ OWIC ကတ်ဖိုးအပါ CI စာအုပ် လုပ်တဲ့ ကုန်ကျစရိတ်က ဘတ် ၂,၆၇၀ ပဲ ကျပေမယ့် ပွဲစားတွေကတဆင့် လုပ်တဲ့အခါ ဘတ်ငွေ ၆,၀၀၀၊ ၇,၀၀၀ လောက်အထိ ပေးရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားတွေက ပြောပါတယ်။

မဲဆောက်က မြန်မာအလုပ်သမားက “အကုန် အပြီးအစီးကို ဘတ် ၆,၀၀၀ တောင်းထားတယ်။ အဆင်မပြေပေမဲ့လည်း လိုအပ်ချက်ကြောင့်သာ မဖြစ်မနေကြောင့်သာ လုပ်ရတာဆိုတော့ မလုပ်လို့ကလည်း မရဘူးလေ။ အဆင်မပြေတဲ့ကြားက လုပ်ရတာပေါ့။ စားဖို့ ချွေတာရမှာပေါ့။ နေဖို့ကလည်း ချွေတာလို့ မရဘူးလေ။ လကုန်ပြီဆိုတာနဲ့ အိမ်ရှင်ကတောင်း၊ မဖြစ်မနေ လုပ်ရတဲ့ကိစ္စဆိုတော့ ရအောင် လုပ်ရတာပဲ။ ရှိသမျှ အဝတ်အစားတွေ အကုန်လုံး ချွတ်ရောင်းပြီး လုပ်ရတာပဲ။ ဝင်ငွေက ၇,၀၀၀၊ ၇,၅၀၀ အဲ့လောက်တော့ ရတယ်။ ဘေးနားနေ ချေးငှားပြီး ၅ ကျပ်တိုး၊ ၁၀ တိုးနဲ့ ဆွဲပြီး လုပ်ရတာပေါ့။ အခက်အခဲကတော့ အများကြီးပဲ။ သူများနိုင်ငံမှာ နေရတာဆိုတော့ အခက်အခဲတွေ အများကြီးပဲ။ စားဖို့ သောက်ဖို့ အဆင်မပြေတာရယ်၊ ငွေရေးကြေးရေး အဆင်မပြေတာရယ်၊ ရဲကြောက်ရတာရယ် အဆင်မပြေမှုတွေ အများကြီး ရှိပါတယ်”လို့ ပြောပါတယ်။

CI လျှောက်ထားရာမှာ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ မရှိအောင် သတိပြုကြဖို့ စစ်တပ် လက်အောက်ခံ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက စက်တင်ဘာ ၁၁ ရက်မှာ အသိပေး ထုတ်ပြန်ပါတယ်။

CI စာအုပ် အသစ်လဲ၊ သက်တမ်းတိုးတာတွေ လုပ်တဲ့အခါ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အခြေခံလစာ တလစာကို ဘတ် ၇,၅၀၀ သတ်မှတ်ပြီး လစဉ် ဝင်ငွေရဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ တလကို ဘတ် ၁၅၀ အခွန်ဆောင်ဖို့လည်း စစ်ကောင်စီရဲ့ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

ရွှေ့ပြောင်း အလုပ်သမားတွေဟာ လစဉ် တလကို ဝင်ငွေ အနိမ့်ဆုံး ဘတ် ၇,၀၀၀ ဝန်းကျင်ကနေ ၁၂,၀၀၀၊ ၁၅,၀၀၀ အထိ အလုပ်အကိုင်ပေါ် မူတည်ကာ ရရှိကြတာဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ ဝင်ငွေနဲ့ နှစ်စဉ် ပြုလုပ်ရတဲ့ စာရွက်စာတမ်း အထောက်အထား ကုန်ကျစရိတ်တွေကလည်း အလုပ်သမားတွေ အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်ရတယ်လို့ ဆိုပါတယ်။

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “CI စာအုပ်က သတ်မှတ်ဈေး ဘတ် ၂,၇၀၀ ကျော်ပဲ ရှိတယ်ဆိုပေမဲ့ အဲဒါက ပုံပြင်လိုပဲ။ တကယ့် တကယ် ပြင်ပ ပေါက်ဈေးမှာ ဘတ် ၆,၀၀၀၊ ၇,၀၀၀ ထိ ဖြစ်နေတယ်။ အဲဒါကလည်း ရွှေ့ပြောင်းလုပ်သားတွေမှာ စာရွက်စာတမ်း အထောက်အထားတွေ မစုံဘူး၊ သူဌေး အာမခံချက် မရှိတာတို့၊ ဟိုစာရွက် လိုတယ်၊ ဒီစာရွက်လိုတယ် အကြောင်းပြချက်တွေနဲ့ တောင်းတာပဲ။ အချုပ်ပြောရရင် ရွှေ့ပြောင်း လုပ်သားတွေက ကိုယ်တိုင်ကိုယ်ကျ စာရွက်စာတမ်း အထောက်အထားတွေ လုပ်ခွင့် မရှိတာ၊ ကိုယ့်ကိုယ်ကို အာမခံခွင့် မရှိဘဲ သူဌေး အာမခံခွင့်နဲ့ ရပ်တည်ရတာ၊ စာရွက်စာတမ်း လုပ်ရတာဖြစ်တဲ့အတွက် အဲ့လို ပြဿနာတွေ တောက်လျှောက်ပို့လာတယ်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ ရောက်ရှိ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား အရေတွက် ၇ သန်းနီးပါး ရှိပြီး အဲဒီထဲမှာ အထောက်အထား ရှိတဲ့ အလုပ်သမားဦးရေက ၃ သန်း ဝန်းကျင်ရှိတယ်လို့ ထိုင်းအရပ်ဘက်အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ဒီနှစ်ထဲမှာ CI စာအုပ် အသစ်လဲ၊ သက်တမ်းတိုးတဲ့ အလုပ်သမားက ၂ သိန်းခွဲကနေ ၃ သိန်း ဝန်းကျင်လောက် ရှိနိုင်ပြီး၊ စာအုပ် အသစ် လျှောက်ထားမယ့် အလုပ်သမားအရေအတွက်က သိန်းချီ ရှိနိုင်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေ ခန့်မှန်းပါတယ်။ 

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013