ထိုင်းနိုင်ငံမှာ ကာဂျီကီမုန်တိုင်း အရှိန်ကြောင့် ဩဂုတ် ၂၇ ရက် မနက်က မိုးသည်းထန်၊ ရေကြီးရေလျှံနဲ့ တောင်ကျချောင်းရေလျှံတာ၊ မြေပြိုတာတွေဖြစ်ပြီး လူတချို့ သေဆုံး ပျောက်ဆုံးတာတွေ ရှိခဲ့ပါတယ်။
ချင်းမိုင်ခရိုင်၊ မဲ့ကျဲမ်မြို့နယ်ထဲမှာဆိုရင် ဒီကနေ့မနက် ၂ နာရီ မိနစ် ၅၀ လောက်က တောင်ကျရေကြောင့် မြေပြိုမှုဖြစ်ပွားပြီး လူနေအိမ်တွေ ရေထဲမျောပါပျက်စီးကာ လူ ၃ ယောက် ရေထဲမျောပါပြီး ၁၀ ယောက်ကျော် ဒဏ်ရာရသွားတယ်လို့ ချင်းမိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
မြေပြိုမှုဖြစ်ပွားတဲ့ရွာဟာ မဲ့ကျဲမ်မြို့နယ်၊ မဲ့ဆစ်အုပ်စု၊ ပန်အုံရွာမှာဖြစ်ပြီး နေအိမ် ၁၀ လုံးထက်မနည်း ရေနဲ့ ရွှံ့နွံတွေထဲ မျောပါပျက်စီးသွားပါတယ်။
လူ ၃ ယောက် ပျောက်ဆုံးနေတာမှာ ကယ်ဆယ်ရေးအဖွဲ့တွေက လူကြီး ၂ ယောက်ကို အလောင်းအနေနဲ့ ပြန်လည်ရှာဖွေတွေ့ရှိပြီး ၁၂ နှစ်အရွယ် မိန်းကလေးတယောက်ကတော့ ပျောက်ဆုံးနေဆဲပဲလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
နောက်ဆက်တွဲတက်လာတဲ့ သတင်းတွေအရ ၁၂ နှစ်ရွယ်မိန်းကလေးကို အလောင်းအနေနဲ့သာ ပြန်တွေ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြေပြိုမှုကြောင့် လူ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရထားပြီး မဲ့ကျဲမ်ဆေးရုံကို ပို့ဆောင်ထားတယ်၊ အဲဒီထဲက ၂ ယောက်မှာ ဒဏ်ရာပြင်းပြီး အသက်ရှူခက်ခဲနေတယ်လို့ ဆိုပါတယ်။
ချင်းမိုင်မြို့ပေါ် ချန့်ကလန်လမ်း၊ ပချားဆမ်ဖန်းလမ်း၊ မိခင်နဲ့ ကလေးဆေးရုံရှေ့၊ အမှတ် ၅ ခရိုင် ရဲတပ်ဖွဲ့ဝင်းထဲ၊ ပါဒက်တံတား၊ အဲပို့ပလာဇာရှေ့နဲ့ မြို့စွန်ရပ်ကွက် အနိမ့်ပိုင်းတွေမှာ ရေကြီးနေပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေပါတယ်။
မယ်ဟောင်ခရိုင်မှာတော့ မယ်ဟောင်ဆောင်၊ ပန်မဖာ့နဲ့ မဲ့စရီးယန်းမြို့နယ်ရှိ မြစ်ချောင်းနားနီး အုပ်စု ၄ စု ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၈ ခုမှာ ရေကြီးရေလျှံ နေတယ်လို့ မယ်ဟောင်ဆောင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
မယ်ဟောင်ဆောင်မြို့နယ်၊ ဖာဘောင်ရွာမှာ ဟွေ့တမ်းခွန်ချောင်းရေ ကြီးတာကြောင့် မော်တော်ကားတစီး ရေထဲမျောပါသွားတယ်၊ ဖာမွန်ဘုန်းကြီးကျောင်းမှာလည်း မဲ့အူမောင်းချောင်း ရေလျှံပြီး ရေတွေဝင်လာတာကြောင့် ကျောင်းဝင်းထဲက ဇရပ်၊ ကုဋီနဲ့ ဆွမ်းစားဆောင် ရေနစ်မြုပ်နေတယ်လို့ ဆိုပါတယ်။
ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ ဒီကနေ့ ဩဂုတ် ၂၇ ရက် မနက် ထုတ်ပြန်ချက်မှာ ကာဂျီကီမုန်တိုင်း သက်ရောက်မှုကြောင့် မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်း၊ လမ်းဖွန်း၊ လမ်းပန်း၊ ဖယောဝ်း၊ နန့်၊ ဖရဲ့၊ တာ့ခ်၊ ဆုခိုထိုင်း၊ ဥတရာဒစ် စတဲ့ခရိုင်တွေမှာ မိုးဆက်လက်သည်းထန်ပြီး ရေကြီးရေလျှံနဲ့ တောင်ကျချောင်းရေတွေ သတိထားဖို့ ဖော်ပြထားပါတယ်။
Source: Chiangmai News / Cmprice / Nation TV / Maehongson Creative